
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကျင်းပနေတဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ မဲရုံတချို့နဲ့ မြို့ထဲ နေရာ ၃ နေရာထက်မနည်းမှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့ခံတယောက်က “ရွှေတောင်ရပ်ကွက်ထဲကိုကျတဲ့ တလုံးက မကွဲဘူး။ စခတွေ ဒီမနက်ပဲ လာဖြုတ်သွားတယ်။ ဒေါတမရွာထဲက မဲရုံလုပ်ထားစာသင်ကျောင်းကို ကျတဲ့အလုံးက ကွဲတယ်၊ လူ မထိဘူး။ နောက်မြို့ထဲကို ၃ လုံးကျပါတယ်။ နမ့်ဘော်ဝမ်နဲ့ အောင်မင်္ဂလာရပ်ကွက်ဘက်လည်း ကျတယ်။ မနက်ပိုင်း အဲဒီလိုဖြစ်ပြီး အခုနေ့လယ်မှာ မဲလာပေးဖို့ရပ် ကွက်တွေထဲမှာ လိုက်ပတ်အော်နေတယ်။ သွားမပေးရသေးတဲ့အိမ်တွေဆို လိုက်ရှာတယ်။ ညနေ ၆ နာရီထိ မဲလာပေးလို့ရကြောင်းနဲ့ မပေးရင် ဥပေဒအရ ဖမ်းမယ်ဆိုပြီး အခုလုပ်နေတယ်”လို့ ပြောပါတယ်။
DVB က လက်ရှိ ရထားတဲ့ အချက်အလက်တွေအရ လွိုင်ကော်မြို့ပေါ်က မဲရုံတွေရှိနေတဲ့ ရပ်ကွက် ၃ ခု နဲ့ မဲရုံတရုံအနီး ရှော့တိုက်ဒုံးတွေ ကျရောက်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လက်ရှိမြို့ထဲမှာ လုံခြုံရေး တင်းကျပ်ထားပြီး ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် လွိုင်ကော်မြို့ အခြေစိုက် ခလရ ၅၄ ကနေ လက်နက်ကြီးထုသံ ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။


