
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သစ်ညိုပင်ရွာနဲ့ တောင်မတောရွာကို စစ်တပ်က ဇန်နဝါရီ ၁၆ ရက် မနက်ခင်းပိုင်းကစတင်ကာ လေကြောင်းအပါအဝင် မြေပြင်ကပါ စစ်ကြောင်းထိုးပစ်ခတ်လို့ အရပ်သား ၂ ယောက်၊ ဘုန်းတော်ကြီး တပါးနဲ့ ကိုရင် ၄ ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သစ်ညိုပင်ရွာနဲ့ တောင်မတောရွာတွေဟာ သမိုင်းဝင် ရပ်တော်မူဗောဓိတထောင်ဘုရားသွားရာ လမ်းဘေး ဝဲယာမှာရှိတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။
စစ်တပ်က အဆိုပါသစ်ညိုပင်ရွာကို နမခတပ် စက်တပ် လေထီး ၂ စီးနဲ့ မနက် ၈ နာရီမှာ ဝေဟင်ကနေတိုက်ခိုက်ခဲ့လို့ ရွာသား ၂ ယောက် ဒဏ်ရာ အပြင်းအထန်ရသွားပါတယ်။
သစ်ညိုပင်ရွာသားတယောက်က “သူတို့ဘာသတင်းရတာလဲတော့ မသိဘူး။ မုံရွာမြို့အတွင်းကနေ မနက်ခင်း ၆ နာရီကစတင်ပြီး စစ်ကားကြီး ၅ စီးနဲ့ လယ်ဇင်းရွာကို ရောက်လာပြီး စစ်ကားပေါ်မှာ ပါလာတဲ့ စစ်သားအင်အား ၁၅၀ လောက်က သစ်ညိုပင်ရွာဘက်ကို စစ်ကြောင်း စထိုးတယ်။ အဲလိုစစ်ကြောင်းထိုးနေစဉ်မှာ မအူအထွက်ဂိတ်ကနေ လက်နက်ကြီးတွေနဲ့ သစ်ညိုပင်ရွာဘက်ကို ပစ်တယ်။ အဲလိုပစ်ခတ်လို့ အမျိုးသားတဦး၊ အမျိုးသမီးတဦး ဒဏ်ရာပြင်းထန်ရတယ်”လို့ ပြောပါတယ်။
သစ်ညိုပင်ရွာကို စစ်တပ်ရဲ့ စစ်ကြောင်းကဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် ပြည်သူနေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်က နေ့ခင်း ၁ နာရီလောက်မှာလည်း သစ်ညိုပင်ရွာအနီး တောင်မတောရွာက ဘုန်းတော်ကြီးကျောင်းကို နမခ တပ်က ဂျိုင်ရိုကော်ပတာလနဲ့ ဗုံးကြဲတာတွေထပ်လုပ်ခဲ့တယ် လို့ ဒေသခံတွေထံက သိရပါတယ်။
ကူညီကယ်ဆယ်ရေးသမားတယောက်က “အကြောင်းမဲ့ကို ဗုံးကြဲချတာ။ ဘုန်းကြီးကျောင်းပေါ်ကို တည့်တည့်ကျပြီး ဘုန်းကြီးတပါးနဲ့ ကိုရင် ၄ ပါးဒဏ်ရာရခဲ့ရတယ်။ ဘုန်းကြီးကတော့ ဒဏ်ရာ ပြင်းတယ်။ အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်။ လက်ပြတ်သွားပြီး ခြေထောက်ကျိုး ဒဏ်ရာရတယ်။ ကျည်စကလည်း ခြေထောက်ထဲ ဝင်နေသေးတယ်။ အတော်လေးဒဏ်ရာပြင်း ထန်တယ်”လို့ ပြောပါတယ်။
စစ်တပ်စစ်ကြောင်းရန်နဲ့ လေကြောင်းရန်ကြောင့် သစ်ညိုပင်ရွာ၊ တောင်မတောရွာ၊ ဆည်ကြီးတွေက ပြည်သူတွေဟာ ဇန်နဝါရီ ၁၆ ရက်မနက်ကစတင်ပြီး နေရပ်စွန့်ခွာနေကြရပါ တယ်။


