
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ပင်စိမ်းခင်းရွာကို စစ်ကောင်စီက တံတားဦးလေတပ်ကနေ တိုက်လေယာဉ်နဲ့ ဇန်နဝါရီ ၁၃ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပင်စိမ်းခင်းရွာသားတယောက်က “ကျနော်တို့ရွာက မူးမြစ်ကမ်းပြိုလို့ ရွာက ၄ ရွာကွဲနေကြတာ။ အခုကြဲတာက ပင်စိမ်းခင်းရွာကွက်သစ်ပိုင်းလို့ ပြောရမယ်။ ဘာမှမရှိဘူး၊ အကြောင်းမဲ့ကို လာကြဲချသွားတာ” လို့ ပြောပါတယ်။
ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “တိုက်ပွဲလည်း မဖြစ်ဘူး။ အကြောင်းမဲ့တိုက်သွားတာ။ ဗုံးသီးက ပေါင်း ၅၀၀ ဗုံးတလုံး ကြဲချသွားတာ။ အိမ်ပေါ်ကိုတည့်တည့်ကျတာ။ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းအတွင်းကို မြေပြင်ကနေ စစ်ကြောင်းထိုးတာ မပြုလုပ်တော့ပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ သိရပါတယ်။


