
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်နယ်ခြားစောင့်တပ် (BGF) စခန်းတခုကို စစ်ကောင်စီ လေတပ်က ဇန်နဝါရီ ၁၂ ရက်မှာ ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ BGF စစ်သည် တယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရသွားပါတယ်။
လှိုင်းဘွဲမြို့နယ် သိုက်တောရွာနံ့ ဥဒေါင်းရွာအကြားရှိ BGF စစ်ဒေသ အမှတ် ၁ စခန်း ( ဥဒေါင်းရဲစခန်းဟောင်းနေရာ-ကူးတို့ဆိပ်စခန်း) ကို စစ်တပ်က တိုက်လေယာဥ်နဲ့ မနေ့ နေ့လယ် ၃ နာရီလောက်မှာ ဗုံး ၂ လုံး ကြဲချသွားတာလို့ ဒေသခံ တယောက်က ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကူးတို့ဆိပ်ရွာနဲ့ ဥဒေါင်းရွာက ကရင်ရွာသား ၂၀၀ လောက် ထွက်ပြေးခဲ့ကြရပါတယ်။
ဗုံးကြဲခံရတဲ့ BGF စစ်ဒေသ အမှတ် ၁ စခန်းဟာ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် တံဆိပ်မပြောင်းဘဲဆက်လက်ရပ်တည်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။


