
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တောင်ဖီလာရွာနဲ့ ညောင်ပင်တဲရွာတို့ကို စစ်တပ်က ဇန်နဝါရီ ၁၀ ရက် မနက် ၉ နာရီခွဲလောက်မှာ စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် တောင်ဖီလာရွာက ပြည်သူ ၂ ယောက်၊ ညောင်ပင်တဲရွာက ၁၀ နှစ်အရွယ် ကလေး ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဦးဒေသခံရွာသားတယောက်က “ညောင်ပင်တဲရွာက ကလေးကကျတော့ စက်တပ်လေထီး လာတာကို ထွက်ကြည့်ချိန် ဗုံးကြဲလို့ ကလေငယ်တဦးက နေရာတင်ဗိုက်ပွင့် သေဆုံးပြီး တဦးကတော့ ဆေးရုံသွားရင်း သေဆုံးတာ။ ဒဏ်ရာရသူ ၂ ဦးလည်းရှိတယ်။ နောက်ထပ် တောင်ဖီလာရွာကတော့ အသက် ၂၀ အရွယ် အမျိုးသား ၂ ယောက် သေဆုံးတယ်” လို့ ပြောပါတယ်။
တောင်ဖီလာရွာဟာ အိမ်ခြေ ၅၀ ခန့်ရှိပြီး ညောင်ပင်တဲရွာကတော့ အိမ်ခြေ ၂၀၀ ခန့်တယ်လို့ သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ခေါင်းဆောင်တယောက်က “စစ်တပ်ရဲ့ ဒုတိယအကြိမ်လုပ်မဲ့ ရွေးကောက်ပွဲအတွက် ပြည်သူကို သတ်ဖြတ်နေတာ၊ ရပါလိမ့်မယ် ပြည်သူမဲ။ ပြည်သူကိုသတ်ပြီး ပြည်သူရဲ့ မဲလိုချင်တဲ့ (-)သား တွေ မဲတော့မရဘူးလို့ပဲ ပြောလိုက်မယ်” လို့ ပြောပါတယ်။
စစ်တပ်က ရွေးကောက်ပွဲဒုတိယပိုင်းကို ဇန်နဝါရီ ၁၁ ရက်နေ့ ပြုလုပ်မှာဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းမှာတော့ ချောင်းဦးမြို့နယ်အပါအဝင် ၁၁ မြို့နယ်မှာ ရွေးကောက်ပွဲဖို့ ရှိပါတယ်။


