
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းက လယ်သစ်တောရွာကို ဇန်နဝါရီ ၉ ရက် ည ၇ နာရီခွဲကျော်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် နာရေးအိမ်မှာ ကူညီလုပ်ကိုင်ပေးနေတဲ့ ဒေသခံ ၄ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နေပြည်တော်လေတပ်ကနေတက်လာတဲ့ YAK-130 ဂျက်ဖိုက်တာက ဗုံးကြဲခဲ့တာလို့ သိရပါတယ်။
“လေကြောင်းရန်အသိပေးချက်ကို မအော်လိုက်ရဘူး။ ရုတ်တရက်ကြီး ရောက်လာပြီး ဘုန်းကြီးကျောင်းဘေးကို ကြဲချသွားတာ။ ကြဲချသွားတဲ့နေရာအနီးက ညနေပိုင်းကမှ နာရေးကိစ္စပြီးလို့ ရက်လည်ဆွမ်းကပ်ပြီး တရားနာဖို့လုပ်နေတဲ့အိမ်ရှိတယ်။ အဲဒီနာရေးအိမ်မှာ ကူညီလုပ်ကိုင်ပေးနေတဲ့ ပြည်သူ ၄ ဦး ကျည်စထိမှန် ဒဏ်ရာရတယ်ဗျ။ ဒဏ်ရာရသူ ၄ ဦးထဲက ၂ ဦးက အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
လယ်သစ်တောရွာဟာ ဇန်နဝါရီ ၅ ရက်နေ့က ဗုံးကြဲခံရတဲ့ ကုန်းကြီးရွာနဲ့ ၁ မိုင်လောက်ပဲဝေးတဲ့ ကျေးရွာဖြစ်ပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “အကြောင်းမဲ့ တိုက်ခိုက်သွားတာဗျ။ အခုတိုက်ခိုက်တာကလည်း ညပိုင်းတိုက်ခိုက်သွားလို့ ဘယ်လောက် ဗုံးသီးလဲ၊ ဘယ်လောက် Rocket လား ဆိုတာကိုတော့ အတိအကျပြောလို့မရသေးဘူး။ မနက်ပိုင်း ရှင်းလင်းရေးလုပ်ပြီးမှ ပြောလို့ရမယ်” ပြောပါတယ်။
လယ်သစ်ရွာဒေသခံတွေ ရွာကနေ တိမ်းရှောင်ထွက်ပြေးနေကြရပြီး ခင်ဦးမြို့နယ်အတွင်းမှာ စစ်တပ်က ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အလှူပွဲတွေ မပြုလုပ်ရဲကြဘဲ ဖြစ်နေကြရတယ်လို့လည်း သိရပါတယ်။


