
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ရွာတော်လေးရွာ (ခ) တဝက်ပျက်ရွာကို စစ်တပ်က ဇန်နဝါရီ ၉ ရက် နေ့မနက် ၈ နာရီအချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၈၀ အရွယ် အဘွားအိုတယောက် ကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး လူနေအိမ်တလုံး မီးလောင်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးသမားတယောက်က ပြောပါတယ်။
“ချောင်းဦး ထွေအုပ်ရုံးက ပစ်တာ။ တလုံးတည်းရယ်ဆရာ။ လူနေအိမ်တလုံးပေါ် တည့်တည့်ကျလို့ အသက် ၈၀ ခန့် ဒေါ်သန်းခင် ခန္ဓာကိုယ် အောက်ပိုင်း ကျည်စထိမှန်သလို လူနေအိမ်လည်း မီး လောင်သွားတယ်။”
ရွာတော်လေးရွာဟာ ချောင်းဦးမြို့နဲ့ တမိုင်ခန့်ကွာဝေးပြီး လူနေအိမ် ၂၀၀ ခန့်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
ချောင်းဦးပြည်သူ့ကာကွယ်ရးတပ် ခေါင်းဆောင်တယောက်က “ဒေသခံ အများစုကတော့ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြတာပါ။ အခုပစ်တာကတော့ အကြောင်းမဲ့ပစ်တာ။ ဘာတိုက်ပွဲမှမရှိဘူး။ ဒီကောင်တွေ တပ်ပျက်နေပြီ။ တပ်ပျက်နေလိုလည်း အခုလို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ် နေတာ” လို့ ပြောပါတယ်။
ချောင်းဦးမြို့နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီး၊ လေယာဉ်၊ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ပစ်ခတ်ဗုံးကြဲတဲ့ ဒဏ်ကို ခံနေကြရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကလည်း ချောင်းဦးမြို့နယ်၊ တောကျောင်းလေးရွာကို စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပ်ည်သူ ၂ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


