
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ပျူစောထီးတွေက ရပ်ကွက်ထဲအထိ ပေါ်တာဝင်ဆွဲပြီး ရပ်ကွက်နေသူတွေက လူစုပြီး ပြောဆိုတဲ့အခါ ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
“စျေးလမ်းက အုတ်ခုံမှာထိုင်တဲ့ ကောင်လေး ၃ ယောက်ကို စစ်တပ်က လက်ထိတ်ခတ်ပြီး ကားပေါ်အတင်းအဓမ္မတင်တာ။ အဲဒီထဲမှာပါတဲ့ ကောင်လေးတယောက်ရဲ့ အစ်မမြင်ပြီး ကျမ မောင်လေးကို ဘာလုပ်တာလဲဆိုပြီး အော်ဟစ်နေတာ၊ လမ်းထဲက လူတွေအကုန်လုံးထွက်လာပြီး စစ်တပ် နဲ့ လမ်းထဲက လူတွေ စကားအချေအတင်များကြတယ်။ ရပ်ကွက်လူကြီးတွေပါ ရောက်လာ ပြီး ကောင်လေး ၃ ယောက်ကိုတော့ ပြန်လွှတ်ပေးတယ်၊ ကားဆီဖိုး ၃ သိန်းပေးလိုက်ရတယ်။”
အလားတူ ဇန်နဝါရီ ၅ ရက် ည ၇ နာရီခွဲကလည်း ရွှေပြည်သာမြို့နယ် အမှတ် ၂၁ ရပ်ကွက် သိမ်ချောင်းလမ်းမှာ စစ်ကောင်စီတပ်က ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ယောက်ကို ဖမ်းဆီးခဲ့တာကြောင့် မိသားစုဝင်တွေက သိန်း ၂၀ နီးပါးနဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဖြစ်စဥ်သိသူတယောက်က DVB ကို ပြောပါတယ်။
"စစ်ဘေးရှောင်ပြီး ရန်ကုန်မှာ အလုပ်လာလုပ်တဲ့ ကလေးတွေ၊ သူများဆိုင်ကယ်ငှားစီးပြီး အဆောင်လခသွားပေးပြီအပြန် စစ်တပ်ကဖမ်းတာ။ အလုပ်ထဲသူတွေက ချက်ချင်းသိတော့ လိုက်တာ၊ သိန်း ၂၀ ပေးရတယ်၊ ဆိုင်ကယ်တော့ပြန်မရဘူး။ အဲကောင်လေးတွေလည်း အလုပ်ထွက်ပြီး အခြားနေရာကိုပြောင်းသွားတယ်။ ရွှေပြည်သာမှာ စစ်တပ်က ပေါ်တာဆွဲပြီး ငွေရှာနေတာ။”
ရန်ကုန်က မြို့နယ်အချို့မှာ လစဥ် စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ လူငယ်ဦးရေ ၁၀၀ နီးပါး ရှိတယ်လို့ သတင်းအချက်အလက်တွေက ဖော်ပြကြပေမဲ့ စစ်ကောင်စီဘက်ကတော့ အခုချိန်ထိ ငြင်းဆိုထားပါတယ်။
စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို ထုတ်ပြန်ခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၂၀ အထိ ရောက်လာပြီဖြစ်ပါတယ်။


