
ရန်ကုန်မြို့က စားသောက်ဆိုင်တဆိုင်မှာ ထိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်ကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။ အရင်တုန်းက သူ့ကုမ္ပဏီမှာ ဝန်ထမ်း ၆၀၀ လောက်ရှိခဲ့တာပါ။ အခုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ထက်ဝက်တောင် မရှိတော့ပါဘူး။
“ကျွမ်းကျင်လုပ်သားတွေ အရမ်းရှားပါးနေပြီ။ စီးပွားရေးအလားအလာ မကောင်းတာနဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်ပညာရှင်တွေ တော်တော်များများ ပြည်ပထွက်သွားကြလို့ပါ” လို့ သူက ပြောပါတယ်။
“ကုန်ဈေးနှုန်းတက်တာ၊ ပညာတတ်တွေ ပြည်ပထွက်ကုန်တာနဲ့ နယ်ဘက်တွေမှာ တိုက်ပွဲဖြစ်တာတွေ ပေါင်းပြီး အကျပ်အတည်းတွေက အတိုင်းထက်အလွန်ဆိုးရွားနေပါပြီ။”
ဒါကြောင့်လည်း ကန့်သတ်ချက်တွေရှိနေပေမဲ့ အခုကျင်းပနေတဲ့ ရွေးကောက်ပွဲကနေ ကောင်းမွန်တဲ့အရာတွေ ဖြစ်လာမလားဆိုပြီး ဒီလုပ်ငန်းရှင်က မျှော်လင့်ချက်ရေးရေးလေး ထားနေတာ ဖြစ်ပါတယ်။
အဆိုပါလုပ်ငန်းရှင်က “ရွေးကောက်ပွဲက ပြီးပြည့်စုံတဲ့ အဖြေတခု မဟုတ်ပေမဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံနိုင်မဲ့ တည်ငြိမ်တဲ့ အစိုးရတရပ်ဖြစ်လာဖို့ လက်တွေ့ကျတဲ့ ခြေလှမ်းတခုတော့ ဖြစ်နိုင်ပါတယ်။ ပြီးတော့ ငွေကြေးတန်ဖိုးမကျအောင် ကာကွယ်ပေးမဲ့ မူဝါဒတွေ ချမှတ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
မြန်မာပြည်သူအများစုကတော့ စစ်ကောင်စီကျင်းပတဲ့ ဒီရွေးကောက်ပွဲကို လုံးဝလက်မခံကြပါဘူး။ ဒါဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်လုပ်တာဖြစ်ပြီး ဟန်ပြသက်သက်ပဲလို့ ပြောကြပါတယ်။
ဒါပေမဲ့ နိုင်ငံရေးမရေရာမှုတွေကြားမှာ ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စက်မှုလုပ်ငန်းရှင် ၅ ဦးကတော့ The Straits Times ကို ဖွင့်ဟပြောဆိုလာပါတယ်။ သူတို့ကတော့ တခြားအမြင်တမျိုးနဲ့ ရှုမြင်ကြပါတယ်။ စစ်ကောင်စီရဲ့ အရေးယူခံရမှာကြောက်လို့ သူတို့နာမည်တွေကိုတော့ မဖော်ပြပါဘူး။
သူတို့ကတော့ ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ စီးပွားရေးဆိုးရွားနေမှုအပေါ် ပြန်လည်ပြုပြင်ဖို့ အခွင့်အရေးတခုအဖြစ် မြင်ကြပါတယ်။
နှစ် ၃၀ လောက် လုပ်သက်ရှိတဲ့ လုပ်ငန်းရှင်တဦးက “ရွေးကောက်ပွဲဟာ လုပ်ငန်းလည်ပတ်မှု တည်ငြိမ်စေဖို့ ခြေလှမ်းတရပ် ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။
“စီးပွားရေးအသိုက်အဝန်းအတွက်ကတော့ ဒါဟာ နိုင်ငံရေးထောက်ခံမှု မဟုတ်ပါဘူး။ လူသားတွေနဲ့ စီးပွားရေး ရပ်တည်နိုင်ဖို့ ကိစ္စပါ” လို့ သူက အခိုင်အမာ ပြောပါတယ်။
“ကျနော်တို့မှာ ဝန်ထမ်းတွေနဲ့ သူတို့မိသားစုတွေအတွက် တာဝန်ရှိပါတယ်။ အုပ်ချုပ်ရေးယန္တရား ခိုင်မာလာနိုင်မဲ့ လမ်းကြောင်းမှန်သမျှကို လျစ်လျူရှုလိုက်မယ်ဆိုရင် ဆင်းရဲမွဲတေမှုနဲ့ ဦးနှောက်ယိုစီးမှုတွေကို လက်ခံလိုက်သလို ဖြစ်သွားပါလိမ့်မယ်။”
ဒါပေမဲ့ လေ့လာသူတွေကတော့ ရွေးကောက်ပွဲပြီးရင် မြန်မာ့စီးပွားရေး တိုးတက်လာမလားဆိုတာ သံသယရှိနေကြပါတယ်။
ISP Myanmar က သုတေသနအတိုင်ပင်ခံ ဒေါက်တာဝေယံဖြိုးနိုင်ကတော့ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမဲ့ အစိုးရသစ်မှာ စစ်ကောင်စီနဲ့ ပတ်သက်သူတွေပဲ ပြန်ပါလာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက သတိထားနေကြဦးမှာပဲလို့ သုံးသပ်ပါတယ်။
“အဲဒီလိုအခြေအနေမျိုးမှာ စီးပွားရေးပြန်ကောင်းလာရင်တောင် အကန့်အသတ်နဲ့ပဲ ဖြစ်ပါလိမ့်မယ်။ ကျဉ်းမြောင်းပြီး ပျက်စီးလွယ်တဲ့ အနေအထားပဲ ရှိနေပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲလုပ်နေပြီး ပထမအပိုင်းကို ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ပါတယ်။ ကျန်တဲ့အပိုင်းတွေကို ဇန်နဝါရီ ၁၁ နဲ့ ၂၅ မှာ ဆက်လုပ်မှာပါ။ တနိုင်ငံလုံးက မြို့နယ် ၃၃၀ မှာ ၂၆၅ မြို့နယ်ပဲ ပါဝင်ပါတယ်။
မြန်မာပြည်ရဲ့ နေရာအတော်များများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားပါတယ်။ မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) တို့ ရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း နယ်မြေတချို့ကို သိမ်းပိုက်ထားပါတယ်။
ဝေဖန်သူတွေက မတရားဘူးလို့ ပြောနေကြတဲ့ ဒီရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အများဆုံးဝင်ပြိုင်တဲ့ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ (USDP) ပဲ နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၂၀ တုန်းက တောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ စစ်ကောင်စီဆီမှာ ပြန်ပြီး မှတ်ပုံမတင်လို့ ဖျက်သိမ်းခံလိုက်ရပါပြီ။
အာဏာသိမ်းပြီးကတည်းက လူဦးရေ သန်း ၅၀ ရှိတဲ့ နိုင်ငံဟာ လက်နက်ကိုင်ပဋိပက္ခတွေ၊ စီးပွားရေးကျဆင်းမှုတွေနဲ့ အကြီးအကျယ် ဒုက္ခရောက်နေပါတယ်။
အခြေခံစားသောက်ကုန် ရောင်းချတဲ့ လုပ်ငန်းရှင်တဦးကတော့ “အလုပ်လုပ်ရတာ အတော်လေး ကြံကြံ့ခံ ရုန်းကန်နေရတဲ့ အခြေအနေမျိုးပါ” လို့ ပြောပါတယ်။ ငွေကြေးတန်ဖိုးကျတာကြောင့် ကုန်ဈေးနှုန်းတွေ တက်နေတာကိုလည်း ထောက်ပြပါတယ်။
ကုလသမဂ္ဂအစီရင်ခံစာအရ ငွေလဲနှုန်းဟာ ၂၀၂၁ တုန်းက တဒေါ်လာ ၁,၃၃၀ ကျပ် ရှိရာကနေ ၂၀၂၅ မှာ ၄,၅၂၀ ကျပ်အထိ ထိုးတက်သွားပါတယ်။
“သွင်းကုန်ထိန်းချုပ်တာတွေ၊ လိုင်စင်ကိစ္စ ရှုပ်ထွေးတာတွေကြောင့် ပိုခက်ခဲလာပါတယ်။ ဗဟိုဘဏ်က ပို့ကုန်ရငွေတွေကို မဖြစ်မနေ လဲလှယ်ခိုင်းတာမျိုးတွေကြောင့် နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ ခက်ခဲကုန်ပါပြီ” လို့ သူက ညည်းတွားပါတယ်။
IMF အဆိုအရ မြန်မာ့ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၂၁ မှာ ၂ ဒသမ ၂ ရာခိုင်နှုန်းပဲ ရှိခဲ့ပေမဲ့ ၂၀၂၅ မှာတော့ ၃၁ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၆ မတ်လကုန်မဲ့ ဘဏ္ဍာနှစ်မှာ GDP ၂ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေးနဲ့ အကူအညီတွေကြောင့် နည်းနည်းတော့ ပြန်ကောင်းလာမဲ့ အရိပ်အယောင် ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၅ မတ်လတုန်းက ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခဲ့လို့ လူ ၁၇ သန်းလောက် ထိခိုက်ခဲ့ပြီး ၉ သန်းလောက်ကတော့ အပြင်းအထန်ခံစားခဲ့ရတယ်လို့ ဇွန်လထုတ် ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပြန်ထွက်သွားကြပါတယ်။ နော်ဝေက တယ်လီနော၊ အမေရိကန်က ချက်ဗရွန်နဲ့ စင်ကာပူက Emerging Towns & Cities တို့ ပါဝင်ပါတယ်။
မြန်မာနိုင်ငံဟာ ကျွမ်းကျင်လုပ်သား ရှားပါးမှုနဲ့လည်း ကြုံနေရပါတယ်။ တိုက်ပွဲတွေနဲ့ ၂၀၂၄ မှာ စတင်ကျင့်သုံးတဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား ပြည်ပထွက်ပြေးနေကြရပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပညာရေးလည်း ထိခိုက်ပါတယ်။ UNDP ရဲ့ အောက်တိုဘာလ အစီရင်ခံစာအရ မြန်မာလူငယ် လေးယောက်မှာ တယောက် (လူဦးရေ ၄ သန်းနီးပါး) အလုပ်လက်မဲ့ ဖြစ်နေပါတယ်။
နောက်ထပ် လုပ်သက်ရင့် စီးပွားရေးသမားတယောက်ကလည်း ရွေးကောက်ပွဲပြီးရင် တည်ငြိမ်လာဖို့ မျှော်လင့်နေပါတယ်။
“ထိရောက်တဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးမှုရှိမှ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်လာမှာပါ” လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ Lowy Institute က အကြီးတန်းသုတေသီ ဒေါက်တာ ရှောင်တာနယ်လ်ကတော့ “စစ်ကောင်စီလက်ထက်မှာ စီးပွားရေးမူဝါဒတွေ ကောင်းလာမယ်လို့ မျှော်လင့်တာက လက်တွေ့မကျဘူးဆိုတာ စီးပွားရေးသမားတွေ ကိုယ်တိုင် သိကြပါတယ်” လို့ The Straits Times ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဖြစ်ခဲ့ဖူးတဲ့ ဒေါက်တာရှောင်တာနယ်လ်က “စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ စီးပွားရေးမူဝါဒကောင်းတွေ ချမှတ်နိုင်တဲ့ အခွင့်အရေးရှိခဲ့ပါလျက်နဲ့ မြန်မာ့ GDP ကို ထက်ဝက်လောက် ကျဆင်းအောင် လုပ်ခဲ့တယ်” လို့ ဝေဖန်ပါတယ်။
ဒေါက်တာ ဝေယံဖြိုးနိုင်ကလည်း စီးပွားရေးပြန်ကောင်းမကောင်းဆိုတာ ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ၊ တရားဥပဒေစိုးမိုးမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေ ဘယ်လောက် တိုးတက်လာမလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ထောက်ပြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် The Straits Times နဲ့ စကားပြောခဲ့တဲ့ လုပ်ငန်းရှင်တွေကတော့ မျှော်လင့်ချက် ထားနေကြတုန်းပါပဲ။
တယောက်ကတော့ “ကျနော်တို့ လိုလားတာကတော့ စီးပွားရေးပြန်လည်ပတ်နိုင်မဲ့ အလုပ်လုပ်လို့ရတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာဖို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
မေဝေါင်
Ref: The Straits Times


