
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၆ ရက် ည ၉ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတယောက် သေဆုံးခဲ့ကာ ၆ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ထောက်လှမ်းရေးမှူးတယောက်က “မြိုင်မြို့ရဲ့ အနောက်မြောက်ဘက် ၅ မိုင်ဝန်းကျင်လောက်ပဲဝေးတဲ့ ကြက်မောက်ရွာကို တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ ရွာခံအမျိုးသမီးတယောက် သေဆုံးပြီး အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြပါတယ်” လို့ ပြောပါတယ်။
ဗုံးကြဲခံရမှုအတွင်း နေရာမှာတင် သေဆုံးသွားသူဟာ အသက် ၁၇ နှစ်အရွယ် မသွယ်သွယ်အောင် ဖြစ်ပြီး လူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်အခြေစိုက် လက်နက်ကြီးတပ်ဖွဲ့ ခေါင်းဆောင်တယောက်က “ပေါက်နယ်နဲ့ ကျနော်တို့ မြိုင်မြို့နယ်ထဲတွေကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေက နေ့တိုင်းလိုလို ရှိနေတာ။ ပေါက်ဘက်က ပိုဆိုးတာပေါ့။ အခုရက်ပိုင်းဆိုရင် စကစရဲ့ ရိက္ခာပို့တဲ့ ယာဥ်တန်းတွေ တောက်လျှောက်သွားနေပြီးတော့ မြေပြင်စစ်ကြောင်းတွေလည်း ရှိနေတာဆိုတော့ နယ်မြေကြိုရှင်းတဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ယူဆတယ်။ စကစရဲ့ လေကြောင်းတိုက်ခိုက်တာတွေကလည်း ပြည်သူကို ပစ်မှတ်ထားပြီး ရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေ၊ စစ်ရှောင်စခန်းတွေကိုပဲ ဦးတည်ပြီး ကြဲနေတာဆိုတော့ ပြည်သူတွေပဲ ထိခိုက်သေဆုံးနေကြရတာ များတယ်” လို့ DVB ကို ပြောပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်တဲ့ လေကြောင်းအန္တရာယ် သတိပေးချက်တွေကို အတိအကျ လိုက်နာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


