ပဲခူးတိုင်းအနောက်ခြမ်းမှာ ရှိတဲ့ မြို့ ၄ မြို့အနီးက စစ်တပ်စခန်းတွေကို ဇန်နဝါရီ ၇ ရက် မနက်စောပိုင်းက စတင်ပြီး တပြိုင်တည်း တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းမှာရှိကြတဲ့ နတ်တလင်း၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ စစ်ကွင်းမြို့တွေနားမှာ ရှိကြတဲ့ ရန်သူ့တပ်စခန်းတွေကို ၇ ရက် မနက်စော ၄ နာရီလောက်မှာ တပြိုင်တည်း စတင်တိုက်ခိုက်နေကြတာပါလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်စခန်းတွေဟာ ရန်ကုန်-ပြည်လမ်းတလျှောက်မှာ ရှိကြပြီး စစ်ကွင်းမြို့ကတော့ မင်းလှမြို့နယ်ထဲက ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း ပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတယောက်က “ဟုတ်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ သူတို့ဘက်ကလည်း လေကြောင်းပစ်ကူတွေက လာပစ်နေတယ်။ သူတို့ လေကြောင်းပစ်ကူကြောင့်မို့လို့ ကျနော်တို့ဘက်က ရဲဘော်တယောက် ကျထားတယ်။ တချို့နေရာတွေကတော့ ကျနော်တို့ဘက်က တော်တော်လေး အသာစီးရထားပါတယ်။ တိုက်ပွဲတွေ မပြီးသေးလို့ အဲ့လောက်ပဲ ပြောလို့ရဦးမယ်ဗျ” လို့ DVB ကို ပြောပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း ဒေသခံပြည်သူတွေအနေနဲ့ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မရှိစေဖို့ တိုက်ပွဲတွေနီးကပ်တဲ့ နေရာတွေမှာ နေထိုင်တာတွေ မပြုလုပ်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။









