
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပြန်လှည့်ရွာကို စစ်တပ်က ဇန်နဝါရီ ၉ ရက် ည ၆ နာရီခွဲလောက်မှာ နမခ စစ်တပ်အတွင်းကနေ စက်တပ်လေထီးယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတာကြောင့် ပြည်သူ ၄ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြန်လှည့်ရွာသားတယောက်က “ကြဲချတာက ကျနော်တို့ ယင်မားချောင်းမြောက်ဘက်ကမ်းအစပ်မှာရှိတဲ့ စားသောက်ဆိုင်ဘက်ကို ၂ လုံးကြဲချတယ်။ အဲမှာက အသက် ၂၀ ဝန်းကျင် အမျိုးသမီးတဦး၊ ၂၅ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၂၀ ဝန်းကျင် အမျိုးသားတဦးနဲ့ ခရီးသွားကားသမားတဦး နေရာတင် သေဆုံးတယ်ဗျ။ စုစုပေါင်း သေဆုံးသူ ၄ ဦးဗျ။ နောက်ထပ် ကျနော်တို့ ပြန်လှည့်ရွာကို ၂ လုံးထပ်ချတယ်။ အဲမှာက အိမ်တလုံး မီး လောင်တယ်၊ နွာ ၉ ကောင်နဲ့ မြင်းတကောင် သေဆုံးတယ်ဗျ။ ထွန်စက်ကားတစီး၊ မြေတူးကားတစီး မီးလောင်ခဲ့တယ်” လို့ ပြောပါတယ်။
စစ်တပ်က စက်တပ် လေထီးနဲ့ဗုံးကြဲချတာကြောင့် ဒေသခံရွာသားတွေ ကြောက်လန့်ပြီး နေရပ်စွန့်ခွာနေကြတယ်လို့ သိရပါတယ်။
ယင်းမာပင် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ဘာတိုက်ပွဲမှမရှိဘူး။ အကြောင်းမဲ့သက်သက်ကို ကြဲချသွားတာ။ စစ်တပ်က မီးလောင်ဗုံးတွေပါသုံးလာပြီ။ ပြည်သူတွေအနေနဲ့ မပေါ့ဆကြဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
အိမ်ခြေ ၈၀၀ နီးပါးခန့်ရှိတဲ့ ပြန်လှည့်ရွာဟာ ယင်းမာပင်အရှေ့ဘက် ၅ မိုင်နီးပါးခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။


