
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီ ၄၄ မိနစ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား တယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံရွာသားတယောက်က “စာသင်ကျောင်းကို ကြဲသွားတာ။ ဗုံးသီးက ၃ လုံး ကြဲချသွားပြီး စက်လက်နဲ့ပါ ဆွဲသွားတာဗျ။ လူငယ်တယောက် ကျည်စထိမှန်တယ်။ ဒဏ်ရာရသူ အမည်က ကိုဇင်မင်းထိုက် အသက် ၃၂ နှစ်ပါ။ ပေါင်ကို ထိတာဒဏ်ရာက မစိုးရိမ်ရဘူး။ စာသင်ကျောင်းကတော့ ပျက်စီးသွားတယ်”လို့ ပြောပါတယ်။
မူးကမ်းကြီးရွာဟာ လူစည်ကားရာ ကျေးရွာကြီးတရွာ ဖြစ်ပါတယ်။ အဆိုပါရွာကို တိုက်ခိုက်ခဲ့တဲ့ လေယာဉ်ဟာ တံတားဦးက တက်လာတဲ့ Jet-Fighter အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တယောက်က “ပြည်သူတွေ လွတ်လွတ်လပ်လပ် ရောင်းဝယ်စားသောက်နေတာကို မလိုလားလို့ ဒီရွာကို အကြိမ်ကြိမ် လာပစ်နေတာ။ ဒီရွာက ဈေးလည်း ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း အချက်အချာ ကျတယ်ဗျ။ သူတို့က ဒီလို အချက်အချာကျတဲ့နေရာကို သူတို့ ပြန်လိုချင်လို့လည်း ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
မူးကမ်းကြီးရွာကို ပြီးခဲ့တဲ့ ၂၀၂၅ ဩဂုတ် ၁၈ ရက်ကလည်း ဗုံးကြဲခဲ့ဖူးပြီး သံဃာတော် ၃ ပါးနဲ့ အရပ်သား ၂ ယောက် သေဆုံးခဲ့ရပါတယ်။


