
ကိုးကန့်တပ် MNDAA က ဂိတ်စခန်းတချို့ ဆုတ်ထားပြီးနောက် နောက်တရက်ကစ လားရှိုးနဲ့ နေရာတချို့မှာ စစ်ကောင်စီက တရုတ်ကုန်တွေ ဆက်တိုက် စစ်ဆေးဖမ်းဆီးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
လားရှိုး ဒေသခံ အမျိုးသမီးတယောက်က “တရုတ်ပြည်ကလာတဲ့ တရုတ် ပစ္စည်း၊ မုန့်တွေ၊ ပြီးရင် ပစ္စည်းထားတဲ့နေရာ ဂိုဒေါင်တွေမှာ လိုက်စစ်နေတယ်။ အများစု ဂိတ်တွေ၊ ဂိုဒေါင်တွေ ပိတ်ထားတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
သီပေါ တံတားနဲ့ မယ်ဟန်ဂိတ်ကနေ MNDAA တပ်ဖွဲ့တွေ ပြန်ဆုတ်သွားပြီး နောက်တနေ့ကနေ လားရှိုး မြို့ပြင် မယ်ဟန်ဘက် နေရာအနှံ့ ဂိုဒေါင်တွေကိုရော တရုတ်ပစ္စည်းတွေကိုရော လိုက်စစ်နေတယ်လို့ သိရပြီး လားရှိုးမြို့မှာလည်း လိုက်စစ်နေတာလို့ သူက ပြောပါတယ်။
စစ်ဆေးမှု တင်းကျပ်နေတာကြောင့် ဇန်နဝါရီ ၁၁ ရက်နေ့က လားရှိုးမြို့မဈေးကြီးမှာ လူတောင် မရှိသလို ဒီ နှစ်ရက်၊ သုံးရက်အတွင်း တရုတ် ပစ္စည်းဆိုင်တွေ ဖွင့်တာ သိပ်မရှိဘဲ ဈေးဘေးနားက ကားဂိတ်တွေမှာလည်း ကားတောင် မရှိဘူးလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“လားရှိုးမှာ စစ်ကောင်စီက ဒီရက်ပိုင်းအတွင်း ညဘက်တွေမှာ ပိုပြီး အစစ်အဆေး တင်းကျပ်နေတယ်။”
အိမ်ထောင်စု၊ မှတ်ပုံတင်၊ ဧည့်စာရင်းတွေ ရှောင်တခင် စစ်နေတာလို့ ဆိုပါတယ်။
လတ်တလော တရုတ်ပစ္စည်း အစစ်အဆေး အဖမ်းအဆီးများလို့ လားရှိုးမှာဖွင့်တဲ့ ဂိတ်ကိုပါ ပိတ်လိုက်ရပြီး မူဆယ်မှာ လာရောက် ရွှေ့ပြောင်းပြီးနေရသူတွေ ရှိတယ်လို့ ဂိတ်လုပ်ငန်းနဲ့ နီးစပ်သူ မူဆယ်ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
ဒါ့အပြင် တောင်ကြီးဘက်မှာလည်း တရုတ်ဘက်က ဝင်တဲ့ ကုန်တွေကို ဆက်တိုက် ဖမ်းဆီးခံနေရလို့ ဂိတ်ပါ ပိတ်ထားရကြောင်း ဂိတ်စာရေးမရဲ့ အသိတယောက်က ပြောပါတယ်။
“တောင်ကြီးဘက်လည်း အရမ်းဖမ်းတယ်လို့ အသိ ဂိတ်စာရေးမက ပြောတယ်။ နေ့တိုင်း ဆက်တိုက် ဖမ်းခံရလို့ သူတို့ဂိတ်တွေတောင် အကုန်လုံး ပိတ်ထားတယ်လို့ ပြောတယ်။”
ဇန်နဝါရီ ၉ ရက်က ကား ၄ စီး ဆင်းလာတာ ၄ စီးလုံး ဖမ်းခံရပြီး ဇန်နဝါရီ ၁၀ ရက်က ၂ စီး ဆင်းလာတာလည်း ၂ စီးလုံး အဖမ်းခံရတယ်လို့ ဆိုပါတယ်။
တရုတ်ကုန် အာလူး၊ ကြက်သွန်က အစ စစ်ကောင်စီက လိုက်ဖမ်းနေတယ်လို့ နယ်စပ်ကုန်သည် တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်၊ ၆ ရက် ဝန်းကျင်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်က နမ့်လန်နဲ့ အနီးအနား ရွာတွေဘက်က ကွင်းလမ်းတွေထဲအထိ စစ်ကောင်စီက တရုတ်ကုန်တွေ လိုက်ဖမ်းဆီးနေပြီး အများစု ဖမ်းဆီးခံရကာ ကုန်စုံကား တချို့ သိန်းရာချီနဲ့ ရွေးရတာရှိကြောင်း ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
အခု နှစ်ဆန်း ၁ ရက်နေ့ကစ MNDAA တပ်ဖွဲ့က သီပေါ တံတားဂိတ်ကနေ ၉ မိုင်လမ်းဆုံအထိ ဆုတ်ထားသလို လားရှိုး အဝင် မယ်ဟန်ဂိတ်ကနေ နမ့်ပေါင်လမ်းဆုံ မရောက်ခင် ခိုဆန်တန် ဆိုတဲ့ နေရာအထိ ဆုတ်ထားပါတယ်။


