Home
နိုင်ငံတကာ
ဆီးရီးယားတပ်က အလက်ပိုမြို့တွင် စစ်ဆင်ရေးလုပ်
DVB
·
January 11, 2026
Photo: REUTERS/Khalil Ashawi

ကာ့ဒ် ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က ဇန်နဝါရီ ၉ ရက်မှာ ဆုတ်ခွာရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ ဆီးရီးယား ယာယီအစိုးရက စွပ်စွဲခဲ့အပြီး ဆီးရီးယားတပ်မတော်ကလည်း အလက်ပိုမြို့က ရှိတ်မက်ဆွတ်ခရိုင်မှာ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတခုကို စတင်ဆောင်ရွက်ခဲ့ပါတယ်။

ဆီးရီးယားအာဏာပိုင်တွေက မြို့ကနေ SDF ဆုတ်ခွာရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းချက်တွေ မအောင်မမြင်ဖြစ်အပြီး သောကြာနေ့ ညနေပိုင်းမှာ အလက်ပိုရဲ့ အစိတ်အပိုင်းတချို့မှာ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ ပြန်ပေါ်ပေါက်ခဲ့ပါတယ်။

လမ်းထောင့်တွေမှာ စစ်ဘက်တင့်ကားတွေ တပ်စွဲထားပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာတာနဲ့အမျှ ညကောင်းကင်ယံမှာ ပြင်းထန်တဲ့ သေနတ်ပစ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဆီးရီးယားစစ်တပ်က လက်ရှိမှာ အလက်ပိုမြို့က ကာ့ဒ် ထိန်းချုပ်ထားတဲ့ ရပ်ကွက် ၂ ခုထဲက တခုဖြစ်တဲ့ ရှိတ်မက်ဆွတ်ရပ်ကွက်မှာ ကာ့ဒ်အဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုက်ခိုက်ရေးသမားတွေက ဆုတ်ခွာဖို့ ငြင်းဆန်နေကြပါတယ်။

ကာ့ဒ်တပ်ဖွဲ့တွေက ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ဆီးရီးယားပဋိပက္ခရဲ့ အစောပိုင်းအဆင့်တွေမှာ ကတည်းက ဒီခရိုင်တွေကို ထိန်းချုပ်ထားခဲ့တာပါ။

သောကြာနေ့ အစောပိုင်းမှာ ဆီးရီးယားအစိုးက အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ပြီး အပြည့်အဝဆုတ်ခွာဖို့ တောင်းဆိုခဲ့တဲ့အပြင် တိုက်ခိုက်ရေးသမားတွေ ဒေသထဲကနေထွက်ဖို့ ဘတ်စ်ကားတွေကိုပါ ပံ့ပိုးပေးခဲ့ပါတယ်။

ဒါပေမဲ့ ကာ့ဒ်ကောင်စီတွေက ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး သူတို့ရဲ့ရပ်ကွက်တွေကို ကာကွယ်ဖို့ ကတိပြုပြီးတဲ့နောက် ယာဉ်တွေ လူမပါဘဲ ပြန်လာခဲ့ကြရပါတယ်။

ရန်လိုတာတွေ မြင့်တက်လာတာနဲ့အမျှ ဒေသဆိုင်ရာ အာဏာပိုင်တွေက ရှေ့တန်းစစ်မျက်နှာတွေနားမှာ ပိတ်မိနေတဲ့ အရပ်သားတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေ တည်ထောင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013