
ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသမှာ ဇန်နဝါရီ ၈ ရက် ညနဲ့ ၉ ရက်နေ့မနက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေက အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့(အောင်မြင်မြို့) အပါအဝင် ရန်ကုန် - မန္တလေးလမ်းဟောင်းရှိ အကြမ်းဖက်စစ်တပ်စခန်း ၁၄ ခုကို တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ၅၀ လောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။
အဲဒီအရေအတွက် နဲ့ ပတ်သက်ပြီး DVB က သီးခြား အတည်မပြုနိုင်ပါဘူး။ အဲဒီတိုက်ပွဲတွေကနေ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် - မန္တလေးလမ်းဟောင်းရှိ စည်ပင်သာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကိုလည်း တိုက်ခိုက် ရှင်းလင်းခဲ့ပြီး စစ်တပ်တပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်း ကိုလည်း ဇန်နဝါရီ ၈ ရက်၊ ညအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ် တပ်ဖွဲ့ဝင် တယောက်သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့ကာ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ၊ အခြားစစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီ အောင်မြင်စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ပကဖ တွေနဲ့ KNU/KNLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


