Home
ဆောင်းပါး
မြန်မာပြည်ဘာကြောင့်ဆင်းရဲပြီး အဖိနှိပ်ခံနေရတာလဲ- အာဏာ၊ အကျိုးစီးပွားနှင့် လက်ဝေခံများ
DVB
·
January 10, 2026

မြန်မာ့အကျပ်အတည်းကို ပြည်တွင်းစစ်၊ ဒါမှမဟုတ် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာလို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အနှစ်သာရကတော့ အာဏာနဲ့ အကျိုးစီးပွား လုပွဲပါပဲ။ စစ်တပ်ဟာ နိုင်ငံရေးအာဏာကို ကိုယ်ကျိုးစီးပွားရှာဖို့အတွက် စနစ်တကျ အကွက်ချ တည်ဆောက်ခဲ့တာ ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပါပြီ။

လူထုက ဘယ်လောက်ပဲ ဆန့်ကျင်ဆန့်ကျင် စစ်တပ်က ဘာလို့ ဆက်ဖိနှိပ်နေနိုင်တာလဲ၊ နိုင်ငံတကာကရော ဘာလို့ ဝင်ကူညီပေးဖို့ ခက်ခဲနေတာလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို သိချင်ရင် စစ်တပ်က အာဏာနဲ့ စီးပွားရေးကို ဘယ်လို အခိုင်အမာတည်ဆောက်ထားသလဲဆိုတာကို အရင်နားလည်ဖို့ လိုပါတယ်။

ဒီဇိုင်းချပြီး အုပ်ချုပ်တဲ့ အာဏာတည်ဆောက်ပုံ

မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်ပုံက 'ငါတို့ဟာ ဘုန်းရှင်ကံရှင်တွေဖြစ်လို့ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရတာ' ဆိုတဲ့စိတ်ကူးယဉ် အယူအဆအမှားတွေအပေါ်မှာ အခြေခံထားတာပါ။ ရှေးခေတ်ဘုရင်တွေလိုပါပဲ။ တိုင်းပြည်နဲ့ ရှိသမျှ သယံဇာတအကုန်လုံးကို သူတို့ပဲ ပိုင်တယ်လို့ ခံယူထားကြပါတယ်။

အချိန်ကြာလာတဲ့အခါ 'ငါတို့သာ အရှင်သခင်' ဆိုတဲ့ ဒီစိတ်ဓာတ်ကနေ တရားဝင်အစိုးရယန္တရားကြီးထဲမှာ နောက်ထပ် အစိုးရတရပ်လိုမျိုး သီးခြားအုပ်စုကြီးအဖြစ် အခိုင်အမာ နေရာယူလာပါတော့တယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကြီးစိုးဖို့ သေချာပေါက် လုပ်ပေးထားတာပါ။ လွှတ်တော်ထဲမှာ စစ်သား ၂၅ ရာခိုင်နှုန်း နေရာယူထားတယ်။ ဖွဲ့စည်းပုံပြင်ချင်ရင် သူတို့သဘောမတူဘဲ ပြင်လို့မရအောင် ဗီတိုအာဏာ ပေးထားပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) ဆိုရင်လည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်ထဲမှာပဲ အာဏာတွေ ပုံပေးထားပါတယ်။ ကာကွယ်ရေး၊ ရဲတပ်ဖွဲ့၊ ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး အကုန်လုံးကို အရပ်သားအစိုးရက ထိန်းချုပ်လို့မရအောင် လုပ်ထားတာပါ။

ဒီတည်ဆောက်ပုံက “အရေးပေါ်အခြေအနေ” လို့ ကြေညာလိုက်တာနဲ့ ရွေးကောက်ခံအစိုးရကို ကျော်ခွပြီး အာဏာယူလို့ရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အရပ်သားအုပ်ချုပ်ရေးဆိုတာ အချိန်မရွေး ပြန်ရုပ်သိမ်းလို့ရတဲ့ အခြေအနေမျိုးပါ။

ဒါကြောင့် ၂၀၂၁ အာဏာသိမ်းမှုဟာ စနစ်ပျက်သွားတာ မဟုတ်ပါဘူး။ သူတို့ချထားတဲ့ ဒီဇိုင်းအတိုင်း ပြန်လုပ်လိုက်တာပါပဲ။ ရွေးကောက်ပွဲရလဒ်က စစ်တပ်ရဲ့ အကျိုးစီးပွားကို ထိခိုက်လာပြီဆိုတာနဲ့ သူတို့ရဲ့ နောက်ဆုံးလက်နက်ဖြစ်တဲ့ “အာဏာသိမ်းခြင်း” ကို ထုတ်သုံးလိုက်တာ ဖြစ်ပါတယ်။

စစ်တပ်စီးပွားရေး - စစ်ပွဲကို စီးပွားရေးလုပ်ငန်းတခုလို သဘောထားခြင်း

နိုင်ငံရေးကို လက်ဝါးကြီးအုပ်တာနဲ့ စီးပွားရေးအင်ပါယာ တည်ဆောက်တာကလည်း စစ်တပ်အတွက် ခွဲခြားလို့ မရပါဘူး။ မြန်မာ့စီးပွားရေးဦးပိုင် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လို ကုမ္ပဏီကြီးတွေကတဆင့် အကျိုးအမြတ်များတဲ့ လုပ်ငန်းတွေကို ထိန်းချုပ်ထားပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး၊ သစ်၊ ဘိလပ်မြေ၊ ဆေးလိပ်၊ ဘဏ်၊ ဆိပ်ကမ်း၊ မီဒီယာနဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေ အကုန်ပါပါတယ်။

ဒီလုပ်ငန်းတွေဟာ အရပ်သားအစိုးရရဲ့ ဘတ်ဂျက်ထဲမှာ မပါသလို၊ လွှတ်တော်ကလည်း စစ်ဆေးလို့ မရပါဘူး။

ရလာတဲ့ အမြတ်ငွေတွေကို စစ်ဆင်ရေးတွေမှာ သုံးတယ်။ ဩဇာခံ ဗိုလ်ချုပ်ကြီးတွေ၊ သူတို့မိသားစုတွေနဲ့ ခရိုနီတွေကို ခွဲဝေပေးတယ်။ ဒါ့အပြင် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံမှု မရှိအောင်လည်း ကာကွယ်ပေးထားပါတယ်။

နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ပေမဲ့ သိပ်မထိရောက်ပါဘူး။ အကြောင်းကတော့ ဝင်ငွေစာရင်းတွေက ပွင့်လင်းမြင်သာမှုမရှိပါဘူး။ ပြည်ပဘဏ်တွေမှာ ထားတာရှိသလို၊ ဒေသတွင်း ကြားခံပွဲစားတွေနဲ့ လည်ပတ်နေလို့ပါပဲ။

ဒီပုံစံက မကောင်းတဲ့ တွန်းအားတွေကို ဖြစ်စေပါတယ်။ တိုက်ပွဲတွေကြာရှည်လေ စစ်သုံးစရိတ် တောင်းလို့ကောင်းလေပါပဲ။ နယ်မြေစိုးမိုးထားမှ သယံဇာတ ထုတ်လို့ရမယ်။ မတည်မငြိမ်ဖြစ်နေမှ အရပ်သားအစိုးရက ဝင်စစ်ဆေးလို့ မရမှာပါ။

ငြိမ်းချမ်းရေးရသွားရင်တော့ သူတို့ရဲ့ အဂတိလိုက်စားမှုတွေ ပေါ်ကုန်မှာပါ။ လက်ဝါးကြီးအုပ်ထားတာတွေ ပျက်ကုန်မှာပါ။ မြန်မာစစ်ဗိုလ်ချုပ်တွေအတွက်ကတော့ စစ်ပွဲဆိုတာ အုပ်ချုပ်ရေးညံ့ဖျင်းလို့ ဖြစ်တာ မဟုတ်ပါဘူး။ စစ်တိုက်နေရတာကိုက သူတို့ရဲ့ အုပ်ချုပ်ရေးပါပဲ။

တရုတ် - ဒီမိုကရေစီထက် တည်ငြိမ်မှုကို ပိုလိုလားသူ

မြန်မာ့အရေးမှာ ပြည်ပကနေ ဝင်ပါနေသူတွေထဲ တရုတ်က အရေးအပါဆုံးပါပဲ။ ပေကျင်းရဲ့ အဓိကဦးစားပေးက သူ့ရဲ့ အနောက်တောင်ဘက် နယ်စပ်တည်ငြိမ်ရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေပါပဲ။ စွမ်းအင်ပိုက်လိုင်းတွေ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရဖို့က အဓိကပါ။

နှစ်ပေါင်းများစွာကြာအောင် တရုတ်က “နှစ်ဖက်ခွ မဟာဗျူဟာ” ကို ကျင့်သုံးခဲ့ပါတယ်။ စစ်တပ်နဲ့ရော တိုင်းရင်းသားလက်နက်ကိုင်တွေ (EROs) နဲ့ပါ ဆက်ဆံခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၃ မှာ စစ်ကောင်စီတပ်တွေ အကြီးအကျယ် ရှုံးနိမ့်သွားတဲ့အခါ တရုတ်က ပေါ်ပေါ်ထင်ထင် ဝင်ပါလာပါတယ်။ မြောက်ပိုင်းက တော်လှန်ရေးအဖွဲ့တွေကို အပစ်အခတ်ရပ်စဲဖို့ ဖိအားပေးတယ်။ သိမ်းထားတဲ့ မြို့တွေကို ပြန်ပေးခိုင်းတယ်။ နေပြည်တော်ကိုလည်း စစ်ရေးနဲ့ နည်းပညာ အကူအညီတွေ ပိုပေးလာပါတယ်။

တရုတ်က မြန်မာစစ်ဗိုလ်ချုပ်တွေကို သဘောကျလို့ ထောက်ခံတာ မဟုတ်ပါဘူး။ “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ" (CMEC) လို စီမံကိန်းကြီးတွေကို ကာကွယ်ပေးနိုင်မယ့်၊ ခိုင်းရလွယ်ပြီး ခန့်မှန်းရလွယ်တဲ့ မိတ်ဖက်ကို လိုချင်တာပါ။

ရွေးကောက်ပွဲဆိုတာ ဘယ်လောက်ပဲ မတရားပါစေ၊ အစိုးရတရပ် ဆက်ရှိနေတယ်ဆိုတဲ့ ပုံရိပ်ကို ပြဖို့အတွက် တရုတ်က လိုလားပါတယ်။ ပေကျင်းရဲ့ အမြင်မှာတော့ အစိတ်စိတ်အမြွှာမြွှာကွဲနေတဲ့ တော်လှန်ရေးအဖွဲ့တွေ နိုင်သွားတာထက်စာရင်၊ အားနည်းပေမဲ့ ခိုင်းလို့ရတဲ့ စစ်ကောင်စီ ရှိနေတာက ပိုကောင်းတယ်လို့ ယူဆပုံရပါတယ်။

အမေရိကန် - မူဝါဒသာရှိပြီး လက်တွေ့မလုပ်နိုင်သူ

ဝါရှင်တန်ကတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း မူဝါဒပိုင်းအရ ရပ်တည်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်တယ်။ စစ်ကောင်စီကို သံတမန်ရေးအရ ဖယ်ကြဉ်ထားတယ်။ လူသားချင်းစာနာမှု အကူအညီ နည်းနည်းပါးပါး ပေးတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုက အကန့်အသတ် ရှိပါတယ်။ ထိုင်ဝမ်တို့ ယူကရိန်းတို့နဲ့ ယှဉ်ရင် မြန်မာပြည်က သူတို့အတွက် မဟာဗျူဟာအရ ထိပ်တန်းဦးစားပေး မဟုတ်ပါဘူး။ ဒေသတွင်းနိုင်ငံတွေ မပါဘဲနဲ့တော့ ပိတ်ဆို့ဒဏ်ခတ်တာဟာ သိပ်မထိရောက်ပါဘူး။

အမေရိကန်အတွက် အခက်တွေ့နေတာ တခုရှိပါတယ်။ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရင် တရားဝင် အသိအမှတ်ပြုရာ ရောက်သွားနိုင်တဲ့အချက်ပါပဲ။ လုံးဝလှည့်ထွက်လိုက်ပြန်ရင်လည်း တရုတ်နဲ့ ရုရှားလက်ထဲ တိုင်းပြည်ကို ထိုးအပ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ အာဆီယံ၊ ဂျပန်၊ အိန္ဒိယနဲ့ ဥရောပသမဂ္ဂတို့ ပူးပေါင်းမပါဝင်လာသရွေ့ အမေရိကန်ရဲ့ မူဝါဒက စာရွက်ပေါ်မှာပဲ လှပြီး လက်တွေ့မှာ အားနည်းနေဦးမှာပါ။

"America First" (အမေရိကန်သာပထမ) ဆိုတဲ့ မူဝါဒနဲ့ ပြည်ပက အာဏာရှင်ကိစ္စတွေမှာ ဝင်မပါချင်တဲ့ လုံခြုံရေးမဟာဗျူဟာတွေကြောင့် အမေရိကန်ရဲ့ အခန်းကဏ္ဍက ပိုကျုံ့သွားပါတယ်။

တော်လှန်ရေးအင်အားစုများ - ကြံ့ခိုင်ပေမဲ့ ကွဲပြားနေဆဲ

မြန်မာ့တော်လှန်ရေး အခင်းအကျင်းက အရင်ကနဲ့မတူဘဲ အင်အားကြီးမားပြီး စုံလင်ပါတယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကြောင့် အစိုးရယန္တရားကြီး ရပ်သွားခဲ့တယ်။ စစ်တပ်ပိုင် ကုန်ပစ္စည်းတွေကို တနိုင်ငံလုံး သပိတ်မှောက်လို့ ဝင်ငွေတွေ ကျဆင်းသွားခဲ့တယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေလည်း နိုင်ငံအနှံ့ ပေါ်ပေါက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေကြပါတယ်။

၂၀၂၃ နှောင်းပိုင်းကစလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တွေနဲ့ ERO တွေ ပေါင်းပြီး စစ်တပ်ကို အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်တပ်က နယ်မြေတွေရော လူအင်အားပါ ဆုံးရှုံးခဲ့ရပါတယ်။ “စစ်တပ်ကို ဘယ်တော့မှ မနိုင်ဘူး” ဆိုတဲ့ ယုံတမ်းစကားကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ “၁၀၂၇ စစ်ဆင်ရေး” အောင်မြင်ပြီးတဲ့နောက်မှာ တော်လှန်ရေးအဖွဲ့တွေက စစ်တပ်ကို ဆက်လက်ဖိအားမပေးနိုင်ခဲ့ပါဘူး။ စစ်တပ်ကို အသက်ရှူပေါက် ပေးလိုက်သလို ဖြစ်သွားပါတယ်။ တရုတ်ဆီက ငွေနဲ့ လက်နက်ထောက်ပံ့မှု ရလိုက်တဲ့ စစ်တပ်က ပြန်ပြီး အင်အားစုစည်းလာပါတယ်။

တော်လှန်ရေးရဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ စည်းလုံးမှု အားနည်းတာပါပဲ။ ဝါဒရေးရာ၊ လူမျိုးရေးရာ၊ ကွပ်ကဲမှုပုံစံနဲ့ နိုင်ငံခြားထောက်ပံ့မှု မတူညီတာတွေကြောင့် တညီတညွတ်တည်းဖြစ်ဖို့ ခက်ခဲနေပါတယ်။ တချို့အဖွဲ့တွေက အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားကြောင့် အပစ်အခတ်ရပ်စဲဖို့ လုပ်ရတာရှိသလို၊ အဖွဲ့အများစုမှာတော့ ရေရှည်တိုက်ဖို့ ငွေနဲ့လက်နက် မရှိကြပါဘူး။

အခုတော့ “ဖက်ဒရယ်တော်လှန်ရေးကောင်စီ” ဖွဲ့ဖို့ ကြိုးစားနေကြပါတယ်။ နိုင်ငံရေးခေါင်းဆောင်မှု တခုတည်းအောက်မှာ သံတမန်ရေးအသံ တသံတည်းထွက်ပြီး စစ်ရေးကို ဗဟိုက ကွပ်ကဲနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ သေရေးရှင်ရေးကာလမှာ အတိတ်က စိတ်ဝမ်းကွဲစရာတွေကို ဘေးဖယ်ထားနိုင်မှ တော်ကာကျပါလိမ့်မယ်။ အချိန်ဆွဲနေရင် စစ်တပ်က နာလန်ထူလာနိုင်ပါတယ်။ ဒါမှမဟုတ်တောင် စစ်ပွဲက ပြီးမှာမဟုတ်ဘဲ ကာလရှည်ကြာ ဖြစ်သွားနိုင်ပါတယ်။

မဟာဗျူဟာ အကျပ်အတည်း

မြန်မာနိုင်ငံဟာ မဟာဗျူဟာအရ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပါတယ်။ စစ်တပ်က တော်လှန်ရေးကို အပြီးတိုင် မချေမှုန်းနိုင်ပါဘူး။ ဒါပေမဲ့ ဖိနှိပ်တာတွေ၊ လေကြောင်းက ဗုံးကြဲတာတွေ၊ ဟန်ပြရွေးကောက်ပွဲတွေနဲ့ အသက်ဆက်ဖို့ ကြိုးစားနေပါတယ်။

လွတ်မြောက်ရေးဆိုတာ ပြည်တွင်းကပဲ လာရမှာပါ။ တော်လှန်ရေးအင်အားစုတွေ ညီညွတ်မှသာ နိုင်ငံတကာနဲ့ စကားပြောနိုင်တဲ့ အင်အားစုတရပ် ဖြစ်လာမှာပါ။ အဲဒီအခါကျမှ တရုတ်နဲ့ အမေရိကန်ကို ဒေသတွင်းတည်ငြိမ်ရေး၊ ဆိုက်ဘာရာဇဝတ်မှု၊ မူးယစ်ဆေး၊ လူကုန်ကူးမှုနဲ့ မြေရှားသတ္တုကိစ္စတွေမှာ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေကတော့ မြန်မာပြည်ဒီမိုကရေစီရတာ မရတာထက် သူတို့ဒေသ တည်ငြိမ်ဖို့နဲ့ သူတို့အချင်းချင်း အားပြိုင်ဖို့ကိုပဲ ပိုအလေးထားကြပါတယ်။ ဒီအတွက် ဒုက္ခကို ခါးစည်းခံနေရတာကတော့ မြန်မာပြည်သူတွေပါပဲ။

ရှေ့ဆက်ရမဲ့လမ်း

မြန်မာ့အကျပ်အတည်းဟာ အပေါ်ယံ ဟန်ပြ ရွေးကောက်ပွဲလုပ်ရုံ၊ အာဏာရှိ လူတစုကြား ညှိနှိုင်းရုံနဲ့ ပြီးမသွားပါဘူး။ ရေရှည်တည်တံ့တဲ့ အဖြေရဖို့ဆိုရင် စစ်တပ်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်ထားမှုကို ဖျက်သိမ်းရပါမယ်။ တော်လှန်ရေးအင်အားစုတွေကို တန်းတူအခွင့်အရေးပေးပြီး ဖက်ဒရယ်မူဘောင်ထဲမှာ ပေါင်းစည်းရပါမယ်။ နိုင်ငံတကာ ဖိအားကိုလည်း ဒေသတွင်းနိုင်ငံတွေနဲ့ ပေါင်းပြီး ထိထိရောက်ရောက် လုပ်ဆောင်ရပါမယ်။

တော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ ပြည်သူလူထုကတော့ သူတို့သဘောထားကို ပြသပြီးပါပြီ။ “အသံတိတ်သပိတ်” တွေနဲ့ အတိအလင်း ပြောပြီးပါပြီ။

အခုတာဝန်က NUG နဲ့ ERO ခေါင်းဆောင်တွေရဲ့ ပခုံးပေါ်မှာ ရှိနေပါတယ်။ ပြည်သူတွေရဲ့ ပေးဆပ်မှုတွေကို တန်ဖိုးထားပြီး ကြောက်ရွံ့မှုတွေမရှိတဲ့၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာနဲ့ ပြည့်စုံကြွယ်ဝတဲ့ အနာဂတ်ကို ဖော်ဆောင်ပေးရမှာပါ။

အဲဒီအချိန်မရောက်မချင်းတော့ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်ခံရမှုတွေဟာ ဆက်ရှိနေဦးမှာပါ။ ဒါဟာ မတော်တဆဖြစ်နေတာ မဟုတ်ပါဘူး။ သူတို့ အုပ်ချုပ်ဖို့အတွက် တမင်လုပ်ထားတဲ့ လက်နက်တွေသာ ဖြစ်ပါတယ်။

နစ်ကိုးလပ်စ်ကောင်း 

Ref: Eurasia Review

(Eurasia Review ဝက်ဆိုက်တွင် Nicholas Kong ရေးသားထားသည့် "Why Myanmar Remains Poor And Persecuted: Power, Profits, And Proxies (Part II)" ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ စာရေးသူ နစ်ကိုးလပ်စ်ကောင်းသည် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်သည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013