
စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲဒုတိယပိုင်းမှာပါတဲ့ ရန်ကုန်တိုင်းအတွင်းရှိ ၁၆ မြို့နယ်က ခရီးလွန်သူတွေကို ပြန်လာပြီး မဲပေးဖို့ စစ်ကောင်စီ နဲ့ အုပ်ချုပ်ရေးက ဖိအားပေးဆင့်ခေါ်တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
“၈ ရက်နေ့ကတည်းက အမေ့ကို ရုံးကအကြောင်းကြားတာ။ နိုင်ငံခြားမထွက်ဘဲ ရန်ကုန်တိုင်းအတွင်းမှာ အလုပ်လုပ်နေတဲ့သူဆို မဖြစ်မနေပြန်လာပြီး မဲပေးဖို့ပြောတယ်။ အစက မဲသွားမပေးဘဲ နေမလို့ စဥ်းစားတာ။ ဒါပေမဲ့ လှည်းကူးမြို့က စစ်တပ်နယ်မြေဆိုတော့ မဲသွားမပေးရင် ကိုယ့်မိသားစုကို တခုခုလုပ်မှာစိုးတယ်။ တချို့နေရာတွေမှာ ပြည်သူတွေ မဲပေးရတယ်ဆိုတာ ဖိအားနဲ့ စစ်တပ်ကပေးမယ့် ဒုက္ခတွေကြောင့် ပေးရတာ” လို့ ပြောပါတယ်။
ထန်းတပင်မြို့နယ်ကနေ ရန်ကုန်ရှိ စက်မှုဇုန်တွေမှာ အလုပ်လာလုပ်နေတဲ့ အထည်ချုပ်စက်ရုံဝန်ထမ်းတွေလည်း ဇန်နဝါရီ ၁၁ ရက်မှာ မဖြစ်မနေ မဲသွားပေးရမှာဖြစ်ပြီး ဒီလိုမဲလာပေးဖို့ကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မိသားစုဝင်တွေကို ဖိအားပေးခေါ်ခိုင်းတယ်လို့ အထည်ချုပ်စက်ရုံဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“စက်ရုံပိတ်ပိတ် မပိတ်ပိတ် မဲပေးမယ့်ရက်ခွင့်ယူပြီး မဲလာပေးဖို့ အိမ်ကဖုန်းဆက်ခေါ်တယ်။ မဲလာမပေးရင် လယ်စိုက်ချေးငွေရမှာ မဟုတ်ဘူး၊ မဲမပေးတဲ့သူ အများစုကိုလည်း မှတ်တမ်းတင်ထားတယ်ဆိုပြီး အုပ်ချုပ်ရေးက ခြိမ်းခြောက်တယ်။”
ရွေးကောက်ပွဲပထမပိုင်းကို စစ်အုပ်စုက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နဲ့ အလုံမြို့နယ်တို့က မဲရုံပေါင်း ၁၃၁၃ ရုံမှာ ပြုလုပ်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ မြို့နယ် ၁၆ မြို့နယ်ရှိ မဲရုံပေါင်း ၁၁၇၁ ရုံမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၅ ရက်မှာ တတိယပိုင်းကို ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ မင်္ဂလာတောင်ညွန်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း။ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်က မဲရုံပေါင်း ၁၃၀၀ မှာ စစ်အုပ်စုက ထပ်မံပြုလုပ်သွားမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲအပိုင်း ၃ ပိုင်းလုံးမှာ နိုင်ငံရေးပါတီ ၂၀ က ကိုယ်စားလှယ် ၉၃၆ ယောက်နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် ၄၆ ယောက် စုစုပေါင်း ၉၈၂ ယောက် ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပြီး မဲရုံပေါင်း ၃၇၈၄ ရုံ နဲ့ မဲပေးရမယ့်သူဦးရေ ၄,၉၃၈,၈၂၃ ရှိတယ်လို့ စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီကက သိရပါတယ်။


