
ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးကို တိုးမြှင့်ဖို့နဲ့ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေမှာ စစ်ရေးအရ ကြိုတင်ပြင်ဆင်ထားဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။
ဇန်နဝါရီ ၉ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှာပြုလုပ်တဲ့ အရာရှိ၊ စစ်သည်နဲ့ တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
"ရွေးကောက်ပွဲမှာ မဲပေးမဲ့လူတွေ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်ထားသင့်သလို တိုက်ပွဲဖြစ်ရာ မြို့နယ်တွေမှာ စစ်ရေးအရ ကြိုတင်ပြင်ဆင်ထားသင့်တယ်၊ ပြည်သူတွေကိုလည်း စည်းရုံးပြီး တပ်နဲ့ ပြည်သူလက်တွဲကာ အကြမ်းဖက် သတင်းတွေကို လက်ဦးမှု ရယူထားဖို့လိုတယ်။”
သာပေါင်းမြို့နယ်မှာ AA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်စဥ်က စစ်ဘေးရှောင်သွားတဲ့ ဒေသခံတွေကို ရွေးကောက်ပွဲမဲပေးဖို့ဆိုပြီး ဒီဇင်ဘာလကုန်ကတည်းက အုပ်ချုပ်ရေးအဖွဲ့တွေက ပြန်လည်ခေါ်ယူနေပြီး မလာနိုင်သူတွေကို ကြိုတင်မဲပေးခိုင်းတယ်လို့ မြို့ခံ တယောက်က ပြောပါတယ်။
"သာပေါင်းမှာ AA နဲ့တိုက်ပွဲဖြစ်တုန်းက စစ်ရှောင်သွားတဲ့သူတွေကို အေးချမ်းသွားပြီဆိုပြီး အကုန်ပြန်ခေါ်တယ်။ ပြန်ရောက်တာနဲ့ မဲပေးရမယ်ဆိုပြီး ရွေးကောက်ပွဲပြီးတဲ့နေ့အထိ နေခိုင်းတယ်။ မနေနိုင်တဲ့သူက ကြိုတင်မဲပေးပြီး ပြန်ခိုင်းတယ်။”
ဒီဇင်ဘာ ၂၈ ရက် စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ ဧရာဝတီတိုင်းက ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာနဲ့ ဟင်္ဿာတမြို့နယ်တွေ ပါဝင်ပြီး ကြံ့ခိုင်ရေးပါတီက အကုန်လုံးနီးပါးအနိုင်ရပြီး တစညပါတီက ၂ နေရာသာ အနိုင်ရကာ ကြိုတင်မဲ မသမာမှုကိစ္စ တိုင်ကြားမှုတွေ ရှိနေပါတယ်။
ဒီဇင်ဘာ ၁၁ ရက် မနက်ဖန်ကျင်းပမဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းမှာတော့ သာပေါင်း၊ ပန်းတနော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ဝါးခယ်မနဲ့ အိမ်မဲမြို့နယ်တွေ ပါဝင်ပါတယ်။
ဇန်နဝါရီ ၈ ရက်ကလည်း စစ်ခေါင်းဆောင်က AA နဲ့ တိုက်ပွဲ ပြင်းထန်နေတဲ့ ပန်းတောင်းမြို့နယ်ကိုသွားပြီး ရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ရေးအတွက် လုံခြုံ ရေးတိုးမြှင့်ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။


