
စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲအပိုင်း ၂ မှာ မတ္တရာအပါအဝင် မန္တလေးတိုင်းထဲက ၉ မြို့နယ်မှာ ဆက်လက်ပြုလုပ်သွားဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
စစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက်နေ့မှာ အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၂ ကို နိုင်ငံတဝန်း မြို့နယ် ၁၀၀ မှာ ဆက်လက်ပြုလုပ်သွားဖို့ ကြေညာထားတာပါ။
မန္တလေးတိုင်းထဲက မတ္တရာ အပါအဝင် ၉ မြို့နယ်မှာ ရွေးကောက်ပွဲအပိုင်း ၂ ကို ဆက်လက်ပြုလုပ်သွားမယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မြေပြင် အခြေအနေအရ မဖြစ်နိုင်ဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စဉ်ကူး-သပိတ်ကျင်း-မိုးကုတ် မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေပြီး ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် မြို့ပေါ်နေရာတချို့မှာ စစ်ကောင်စီ မဲရုံတွေ အလုပ်ဖြစ်နိုင်ပေမဲ့ မြို့နယ်တခုလုံးစီကို လွှမ်းခြုံနိုင်တဲ့ ရွေးကောက်ပွဲ မဲပေးမှုတွေတော့ ဖြစ်မလာနိုင်ဘူးလို့ မတ္တရာဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မတ္တရာ PDF အဖွဲ့မှ ကိုဒေါင်းက “မန္တလေးရဲ့မြောက်ပိုင်းမှာတော့ မတ္တရာ တမြို့နယ်တည်းရှိပါတယ်။ မိုးကုတ်မှာလည်း မရှိသလို သပိတ်ကျင်း၊ စဉ့်ကူးမှာလည်း မရှိပါဘူး။ စဉ့်ကူး-သပိတ်ကျင်း-မိုးကုတ်တွေမှာ စစ်ပွဲတွေက တိုက်ရိုက်ဖြစ်နေတုန်းပါဗျ၊ မဲပေးဖို့အတွက် မတ္တရာတမြို့နယ်တည်း ဖြစ်ပါတယ်။ မတ္တရာတမြို့နယ်တောင်မှ အဓိက မြို့ပေါ်မှာပဲဖြစ်တယ်၊ ကျန်တဲ့တောရွာတွေမှာ မဖြစ်သလောက်ရှိနေပါတယ်။ အခု စကစ ရဲ့ ရွေးကောက်ပွဲက အတင်းအကျပ် သူတို့ပိုင်နက်ထဲမှာ ရောက်နေတဲ့ ပြည်သူတွေကို မတရားသဖြင့် မဲထည့်ခိုင်းတဲ့ ပုံစံမျိုးတွေကြောင့် ပြည်သူအများစုကတော့ ကျေနပ်မှုမရှိဘူးဆိုတာကိုတော့ သိနေရပါတယ်ဗျ” လို့ ပြောပါတယ်။
စဉ့်ကိုင်၊ တံတားဦး၊ ကျောက်ပန်းတောင်း၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ဝမ်းတွင်း၊ သာစည်၊ အမရပူရ၊ မတ္တရာ စတဲ့ ၉ မြို့နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအပိုင်း ၂ ကို ပြုလုပ်သွားမယ်လို့ ကြေညာထားတာပါ။
စစ်ကောင်စီရွေးကောက်ပွဲကို တရုတ်အစိုးရက ထောက်ခံအားပေးနေသလို သူတို့ရဲ့ဖိအားကြောင့် တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ ရှမ်း-မန်းဆက်စပ်နယ်က မြို့တွေနဲ့ တပ်စခန်းနေရာတွေကို ပြန်လက်လွှတ်ခဲ့ရတာပါ။
စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတယောက်က “တရုတ်ကတော့ သူ့ရဲ့အကျိုးစီးပွားအတွက်ကို စစ်အာဏာရှင်နဲ့ပေါင်းပြီးတော့ သယံဇာတတွေ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ် အသုံးချနေတာ ခေတ်အဆက်ဆက်ပါ။ တရုတ်ရဲ့လွှမ်းမိုးသက်ရောက်မှုကလည်း လက်ရှိအချိန်အထိ မြန်မာနိုင်ငံရဲ့ အရေးအပေါ်မှာ အတိုင်းအတာတခုအထိ ရှိနေသေးတယ်ဆိုတာတော့ ဒါ ငြင်းမရတဲ့ အချက်ပါပဲ။ တရုတ်မှ မဟုတ်ပါဘူး၊ ဘယ်နိုင်ငံနေနေ အလေးထားနိုင်လောက်တဲ့ အရွေ့တခုအထိကို ကျနော်တို့ တိုက်ပွဲဝင်ဖို့လိုတယ်။ ကမ္ဘာကြီးက နိုင်မြင်းဘက်ကိုပဲ လောင်းမှာဆိုတော့ ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အနိုင်တိုက်ရေး၊ အာဏာရှင်ပြုတ်ကျရေးကို အောင်မြင်မှုတခုအထိ ဆောင်ရွက်နိုင်တဲ့အချိန်ကြရင် တရုတ်အပါအဝင် နိုင်ငံတကာရဲ့ အလေးထားမှုကိုရမှာတော့ မလွဲမသွေပါပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီက စစ်ကိုင်း-မန္တလေး-ရှမ်းပြည်ကနေ တရုတ်နယ်စပ်အထိ ကုန်သွယ်ရေးလမ်းတွေကို ပြန်ဖွင့်နိုင်ဖို့ အင်အားသုံးပြီး လမ်းပိုင်းတွေကို ပြန်ထိန်းချုပ်နေတာပါ။
လတ်တလောမှာ လမ်းပိုင်းတချို့ကို စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်ပြီဆိုပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် မြေပြင်ကနေ ရိက္ခာထောက်ပို့တာနဲ့ ကုန်သွယ်ရေးပြန်လုပ်ဖို့ အခြေအနေတော့ မရှိသေးဘူးလို့ ဒေသခံတွေက မှတ်ချက်ပေးထားပါတယ်။
သုတချမ်းသာ


