
စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေ၊ ဖိအားပေး ခြိမ်းခြောက် မဲပေးခိုင်းတာတွေ၊ မဲပေးစက်ပြဿနာတွေ၊ ကြိုတင်မဲကိစ္စတွေ၊ မဲမသမာမှုတွေနဲ့ ပါတီတွေရဲ့ တိုင်ကြားချက်တွေရှိခဲ့ပေမဲ့ ရွေးကောက်ပွဲ ပထမပိုင်းရလဒ်အပေါ် အားရကျေနပ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဇန်နဝါရီ ၈ ရက်က ပဲခူးတိုင်း၊ ပန်းတောင်းမြို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မြို့မိမြို့ဖတွေနဲ့တွေ့ဆုံစဥ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က “ရွေးကောက်ပွဲအပိုင်း ၁ တွင် ဆန္ဒမဲပေးမှု များပြားပြီး ပြည်သူများအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ပါဝင်လျှောက်လှမ်းလိုတဲ့ ဆန္ဒများရှိတာကို မြင်တွေ့ရတဲ့အတွက် ကျေနပ်အားရမှုရှိပြီး လာမဲ့ ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ ၃ မှာ လည်း တပ်မတော်နဲ့ လက်တွဲဆောင်ရွက်နိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေ ဥပဒေကို နားလည်သည့်သူတွေကို မဲပေးရွေးချယ်သွားမယ်" လို့ ပြောဆိုခဲ့တာပါ။
ပန်းတောင်းမြို့ကို စစ်ခေါင်းဆောင်ထပ်မံရောက်လာတာဟာ ရွေးကောက်ပွဲအပိုင်း ၂ တွင်ဝင်ပြိုင်မဲ့ တပ်ကိုယ်စားလှယ်လောင်းတွေ အတွက် မဲဆွယ်စည်းရုံးရေးဆင်းတဲ့သဘော သက်ရောက်တယ်လို့ မြို့ခံ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“ပန်းတောင်းကို တပ်ချုပ်ရော၊ ဒုချုပ်ရော ရောက်လာရင် စစ်တပ်နဲ့ လက်တွဲနိုင်သူ၊ ကာကွယ်ရေးအမြင်ရှိသူ ကိုယ်စားလှယ်ကိုပဲ မဲပေးဖို့ပဲပြောတာ။ တပ်မိသားစုဝင်တွေရော၊ ဝန်ထမ်းတွေရောက ကြံ့ခိုင်ရေးကိုပဲ မဲပေးရမှာ။ ဘာလို့လဲဆိုတော့ ပန်းတောင်းမှာ ဗိုလ်ချုပ်ကိုကိုလွင်က ကြံ့ခိုင်ရေးဝင်ပြိုင်မှာလေ။ သူ့ကို မဲမပေးရင် တပ်မိသားစုဝင်ဆို ဦးပိုင်ထုတ်ရင် နှောင်းနှေးအောင်လုပ်မယ်၊ ရှေတန်းပို့မယ်၊ ဝန်ထမ်းဆိုရင် ပဋိပက္ခဖြစ်တဲ့နေရာ ပို့လိုက်ရော။"
ရွေးကောက်ပွဲ ဒုတိယပိုင်းကို ဇန်နဝါရီ ၁၁ ရက်မှာ စစ်အုပ်စုက ပြုလုပ်သွားမှာဖြစ်ပြီး ပဲခူးတိုင်းက ပန်းတောင်း၊ ဒိုက်ဦး၊ ထန်းတပင်၊ ရေတာရှည်၊ ဇီးကုန်း၊ ပေါင်းတလည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ မိုးညိုနဲ့ မင်းလှမြိုနယ်တို့ ပါဝင်ပါတယ်။
စစ်အုပ်စုက ဒီဇင်ဘာ ၂၈ ရက် ပြုလုပ်တဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ ပဲခူးတိုင်းအတွင်းရှိ ပဲခူး၊ ပြည်၊ တောင်ငူ၊ နတ္တလင်း၊ ရွှေတောင်၊ ညောင်လေးပင်၊ လက်ပံတန်းနဲ့ သာယာဝတီ မြို့နယ်တွေမှာ ကြံ့ခိုင်ရေးပါတီက အကုန်နီးပါးအနိုင်ရရှိထားပေမဲ့ ကြိုတင်မဲရလဒ်အပေါ် မကျေနပ်တဲ့ ပါတီတွေလည်းရှိပါတယ်။


