
၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာထရက်ဆာပရဲညိုလာဇာရိုဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်ရှိခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဇန်နဝါရီ ၅ ရက်ကနေ ၇ ရက်အထိ သူ့ရဲ့ ဒီခရီးစဉ်ကိုတော့ စစ်အုပ်စုဘက်က အလုပ်သဘော ခရီးစဉ်လို့ ဖော်ပြထားပြီး ဒီခရီးစဉ်အတွင်းမှာတော့ မြန်မာစစ်ခေါင်းဆောင် အပါအဝင် ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဒေသတွင်းနဲ့ ၂ နိုင်ငံသံတမန်ရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မစ္စ လာဇာရိုက “အာဆီယံဥက္ကဋ္ဌအနေနဲ့ ဖိလစ်ပိုင်ဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ အရင်အထူးကိုယ်စားလှယ်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် အခြေခံပြီး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဓိကထား ဆွေးနွေးမှုတွေထဲမှာတော့ ဘုံသဘောတူညီမှု ၅ ရပ်ထဲက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေးတို့ ပါဝင်နေသလို ရွေးကောက်ပွဲကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ကျားဖြန့်အွန်လိုင်း ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၆၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း သူက ပြောပါတယ်။
မစ္စလာဇာရိုဟာ မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင် ဇန်နဝါရီ ၅ ရက်က ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံကာ မြန်မာ့အရေးနဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေတွေအပါအဝင် ဒေသတွင်း ပထဝီနိုင်ငံရေး တိုးတက်မှုတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်၊ ဧပြီလထဲမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပတဲ့ အရေးပေါ်အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် ၅ ချက် သဘောတူခဲ့ကြတာဖြစ်ပြီး အဆိုပါ အစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပါတယ်။
သဘောတူညီချက်တွေထဲမှာတော့ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့စေဖို့ အာဆီယံ အထူးသံတမန်တဦး ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေးစတာတွေ ပါဝင်နေပြီး လက်ရှိအချိန် စစ်အာဏာသိမ်းကာလ ၅ နှစ်နီးပါး ကြာလာခဲ့ချိန်အထိ ဘာတခုမှ အကောင်အထည်မဖော်နိုင်တဲ့အပေါ် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ တဖက်သတ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီ ၂၅ ရက်မှာ ၆၃ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။
မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၆၅ မြို့နယ် ရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရား မျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


