
တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့တွေ အများကြီး သိမ်းဆည်းခံထားရပေမဲ့ စစ်ကောင်စီတပ်ကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ စစ်တပ်ဖြစ်အောင် ကြိုးစားနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဇန်နဝါရီ ၄ ရက် မနေ့ နေ့လယ်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ ပြုလုပ်တဲ့ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေ ပေးအပ်ပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က “ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် Balance of Power ဟုခေါ်သည့် အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ အင်အားပြိုင်ဆိုင်မှု ကိစ္စရပ်များနှင့် ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများ များပြားလျက်ရှိသည်ကို တွေ့ရသဖြင့် သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရေးနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အသုံးချခံမဖြစ်စေရေးအတွက် မိမိတို့စစ်တပ်ကို တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်သည့် Standard Army ဖြစ်အောင် တည်ဆောက်နေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံး အာမခံချက်ဟာ စွမ်းရည်ထက်မြက်တဲ့ ကာကွယ်ရေးစွမ်းအားစုတရပ် စစ်ကောင်စီတပ်က ပိုင်ဆိုင်ထားပြီး စွန့်လွှတ်စွန့်စားစိတ်ရှိတဲ့ အရာရှိ၊ စစ်သည်တွေကို ဆောင်ရွက်ပေးသင့်တာ မှန်သမျှကို စီမံဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်အတွင်း စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တွေက မိမိအာဏာတည်မြဲရေးကိုသာ စဥ်းစားပြီး လက်အောက်ငယ်သားတွေကို ပြန်မကြည့်သူ များတယ်လို့ တပ်မိသားစုဝင် တယောက်က DVB ကို ပြောပါတယ်။
“စွန့်လွှတ်စွန့်စားတဲ့ အရာရှိ၊ စစ်သည် ပြန်ကြည့်တယ်ဆိုတာ အပိုပြောတာ။ ရှေ့တန်းသွားလို့ သေတာပဲဖြစ်ဖြစ်၊ ရန်သူအဖမ်းခံရတာပဲဖြစ်ဖြစ် ခေါင်းဆောင်ပိုင်းတွေက စိတ်မဝင်စားဘူး။ အဖမ်းခံရတဲ့ စစ်သုံ့ပန်း ထောင်နဲ့ချီရှိတယ်။ အဲဒီစစ်ဆင်ရေးမှာ တာဝန်ယူတဲ့ ကစထမှူးတွေဆို ကိုယ့်လက်အောက်ငယ်သားတွေရဲ့ အရေးကို ပြန်မကြည့်ဘဲ ရွေးကောက်ပွဲဝင်ကြတယ်။ အာဏာတည်မြဲရေးက သူတို့အတွက် အဓိကပဲ” လို့ သုံးသပ်ပြောဆိုပါတယ်။
မြန်မာနိုင်ငံတဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်အင်အားစုတွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ကြည့်ပါက စစ်ကောင်စီတပ် အခြေအနေမှာ လေကြောင်းအားသာချက်သာရှိလို့ ပြည်ပကျူးကျော်စစ် ဖြစ်လာပါက စစ်တပ်အနေနဲ့ တွန်းလှန်နိုင်ဖို့ အခက်အခဲရှိတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတယောက်က DVB ကို ပြောပါတယ်။
“ကမ္ဘာနဲ့ ရင်ပေါင်တန်းဖို့ မပြောနဲ့၊ ပြည်တွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာတောင် ဗိုလ်ချုပ်အဆင့်တွေ၊ ဗိုလ်မှူးချုပ်အဆင့်တွေ အဖမ်းခံရပြီး တိုင်းစစ်ဌာနချုပ်တွေပါ ပေးလိုက်ရတာ။ ပြည်ပနဲ့သာ စစ်ဖြစ်ရင်တော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါ အဖမ်းခံရနိုင်တယ်။ ပြည်တွင်းမှာတောင် အားကိုးစရာ လေတပ်ရှိနေလို့ အခုထိ ခံသာနေတာ။”
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ နှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ရဲ့ တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့ ရာနဲ့ချီ သိမ်းဆည်းနိုင်ခဲ့ပြီး ဗိုလ်ချုပ်အဆင့်ကနေ တပ်သားအဆင့်အထိ စစ်သုံ့ပန်း ထောင်နဲ့ချီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။


