
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာတလအတွင်း လေကြာင်းတိုက်ခိုက်မှု ၁၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သား ၂၆ ယောက် သေဆုံးကာ နောက်ထပ် ၄၀ လောက်လည်း ထိခိုက်ခဲ့တယ်လို့ Wetlet Information Network က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်နဲ့ ကျောက်မြောင်း ခမရ ၁၂ တပ်ရင်းတွေကနေ ဂျက်တိုက်ခိုက်ရေးလေယာဉ်၊ အသေခံဒရုန်းတွေနဲ့ ဝေဟင်ကနေ တိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၂ ပါးနဲ့ အရပ်သား ၂၆ ယောက် စုစုပေါင်း ၂၈ ယောက် သေဆုံးခဲ့ပြီး အများအပြားလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့အထိလည်း ဝက်လက်နယ်အတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတာကြောင့် အရပ်သား သောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဝက်လက် ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။
“ဝက်လက်နယ် အရပ်လေးမျက်နှာမှာရှိတဲ့ ရွာတွေကို ရွာစဉ်လှည့် ရက်ရှည် စစ်ကြောင်းထိုးနေတာက ကြာပြီ။ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့လည်း ရွာတွေကို တိုက်ခိုက်တာမျိုးတွေ လုပ်နေတယ်။ အဓိကတော့ အရှေ့ခြမ်းကို ပိုပြီး တိုက်ခိုက်နေတာ တွေ့ရတယ်။ အရှေ့ခြမ်းမှာက တော်လှန်ရေးတပ်တွေ ဆိုတာထက် စစ်ရှောင်တွေက ရှိနေတာက များတယ်။ မန္တလေးဘက်ကနေ ကူးလာတဲ့ စစ်ရှောင်အများစုကလည်း အရှေ့ဘက်ခြမ်းက နီးစပ်ရာ လုံခြုံတဲ့နေရာတွေမှာ ခိုလှုံနေတာမျိုး ရှိတယ်။ အဲဒါကို အဓိက ပစ်မှတ်ထားနေတယ်လို့တော့ ယူဆရတယ်။”
ဒီဇင်ဘာ ၃၀ ရက်ကလည်း ဝက်လက်နယ် အရှေ့ခြမ်းက သစ်ဆိမ့်ရွာကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသား ၂ ယောက် သေဆုံးခဲ့သလို ရွှေဘိုမြို့ကနေ အင်အား ၁၅၀ လောက်နဲ့ ဝက်လက်နယ် အရှေ့ခြမ်းက ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရွာစဉ်လှည့် စစ်ကြောင်းထိုးတာအပြင် လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတာကြောင့် ဝက်လက်နယ် အရှေ့ခြမ်း ဧရာဝတီမြစ်တလျှောက်က လှေပို့ဆိပ်၊ သစ်ဆိမ့်၊ ကူကြီး၊ ငါးပတ်ချောင်း စတဲ့ရွာတွေ အပါအဝင် ရွာပေါင်း ၂၀ ထက်မနည်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။


