
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မော်လမြိုင်-ရန်ကုန် လမ်းအနီးက အလူးလေးကျေးရွာကို ခမရ ၃ စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတယောက် သေဆုံးပြီး ကလေး ၂ ယောက် အပါအဝင် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇန်နဝါရီ ၂ ရက် မနက် ၈ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသားတယောက် နေရာမှာတင် သေဆုံးခဲ့တဲ့အပြင် အမျိုးသမီးတယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ဒီမနက်ကျတော့ ၉ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်တာ။ တဦးကတော့ ပွဲချင်းပြီးတယ်။ အခုသေသွားတာက အမျိုးသား။ အမျိုးသမီး နောက်တဦးကလည်း သိပ်ပြီးတော့ အခြေအနေမကောင်းဘူး။ ကလေး ၂ ယောက်ထိတယ်။ အဲဒီမှာ စစ်ကောင်စီက ရှိနေတော့ ရွာသားတွေက သွားမကပ်ရဲဘူး” လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်တပ်ဘက်က စစ်ကြောင်းထိုးတာ မရှိပေမဲ့ အလူးကြီးကျေးရွာမှာ ကင်းပုန်းချထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၃၁ ရက် မနက် ၆ နာရီခွဲလောက်က မော်လမြိုင်-ရန်ကုန်လမ်း အလူးလေးကျေးရွာအနီးမှာ စစ်ယာဉ်တန်းအတွက် လုံခြုံရေးလာရောက်ယူပေးတဲ့အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြိုတင်စောင့်ဆိုင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ခမရ ၃ တပ်ရင်းက ဒုတပ်ရင်းမှူး အပါအဝင် ၁၇ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


