
မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ်ကူးမြို့ကို ဒီဇင်ဘာ ၁၈ ရက် ညနေမှာ စစ်ကောင်စီက ပြန်ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်းမှာ ဖောက်ခွဲဖျက်ဆီးခံထားရတဲ့ စဉ့်ကူးမြို့ အနောက်ဘက်ကမ်းနဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်၊ ကျောက်မြောင်းမြို့ဘက် ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ခကို ပြန်လည်ပြင်ဆင်မယ်လို့ စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တံတားပြင်မဲ့ခြေလှမ်းဟာ ကျောက်မြောင်းအထိုင်စခန်းတွေဘက်က အင်အားတွေနဲ့ မိုးကုတ်မြို့ကို ဝင်ရောက်ထားတဲ့ အင်အားတွေ အလွယ်တကူ ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ မန္တလေးဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။
ရတနာသိင်္ခတံတားဟာ မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လက်လွှတ်မယ်လို့ ကြေညာခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာပဲ ဖောက်ခွဲဖျက်ဆီးခံထားရတာ ဖြစ်ပါတယ်။
မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရ ကိုဒေါင်းက “စဉ့်ကူးတံတား သူတို့တည်ဆောက်မယ် ဆိုတာက စဉ့်ကူးတံတားနောက်ဘက်ထိပ် ကျောက်မြောင်းမှာက သူတို့ စကစ အထိုင်စခန်းတွေ ရှိတယ်ဗျ။ အဲဒီနဲ့ မိုးကုတ်လမ်းဘက်တွေကို သူတို့တွေ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုးလို့တော့ သုံးသပ်မိတယ်။ စစ်ကိုင်း-မကွေးကို လေကြောင်းတိုက်ခိုက်မှု လုပ်တာတွေကတော့ မြေပြင် စစ်ကြောင်းမထိုးနိုင်တဲ့အတွက် လေကြောင်းနဲ့ ပြည်သူတွေကို သူ့နယ်နိမိတ် မဲပေးရမဲ့ နေရာတွေအထိ ရောက်အောင် လေကြောင်းတိုက်ခိုက်မှု လုပ်ပြီးတော့ သိမ်းသွင်းနေတယ်လို့လည်း ကျနော် သုံးသပ်မိတယ်ဗျ” လို့ ပြောပါတယ်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်း စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနယ်မြေ အများစုကို စစ်ကောင်စီက ပြန်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းတွေကြောင့် မြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ခင်ဦး-ဝက်လက်-ရွှေဘိုနယ်ဘက်ခြမ်းကို စစ်ကောင်စီက ဖိအားပေး တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေတာပါ။
ဒါပေမဲ့ ဒီခန့်မှန်းချက်တွေဟာ မြေပြင်အခြေအနေအမှန်ထက် စစ်ကောင်စီက ပိုသတင်းဖြန့်ပြီး ပြည်သူကို စိတ်ပိုင်းဆိုင်ရာ ဖိအားပေးနေတာလို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ခင်ဦး ပကဖမှ ဆရာကျောင်းက “သပိတ်ကျင်း-စဉ့်ကူးဘက်ကို စကစက နယ်မြေအကုန် မစိုးမိုးနိုင်သေးပါဘူး။ ကိုယ့်ဘက်က စိုးမိုးထားတာတွေလည်း တော်တော်များများ ရှိပါသေးတယ်။ စစ်တပ်ဘက်က ဆိုက်ဝါးလိုသဘောမျိုး သူတို့ ဖြန့်တာသာ ရှိတာပါ။ တကယ်တမ်း လက်တွေ့မှာတော့ အစ်ကိုတို့ဘက်က ပိုင်စိုးထားတဲ့ နယ်မြေတော်တော်များများ သပိတ်ကျင်း-စဉ့်ကူးထဲမှာ ရှိပါသေးတယ်။ နောက်တခုက ရတနာသိင်္ခတံတား ပြင်မယ် ဆိုတာကတော့ သူတို့က ပြင်မှာ။ ပြင်တာတော့ သူတို့က ပြည်သူတွေ ယုံကြည်မှုရအောင် သူတို့ရဲ့ တရားဝင်မှုကို တည်ဆောက်တဲ့ပုံစံမျိုးပါ။ တကယ်တမ်းက တံတားပြင်ခြင်း၊ မပြင်ခြင်းသည် အစ်ကိုတို့ တော်လှန်ရေးကိစ္စနဲ့ မသက်ဆိုင်ဘူး။ တကယ်လို့ ပြင်ပြီးသွားရင်လည်း ဝက်လက်-ခင်ဦး-ရွှေဘိုနယ်ဘက်ကို စကစက အင်အားအလုံးအရင်းနဲ့ ဖိပြီး ထိုးမယ် ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ မြေပြင်စစ်ကြောင်းတွေက စစ်ကိုင်းတိုင်းအတွင်းမှာ တော်တော်များများက ပြုတ်တာများတယ်။ လေကြောင်းချည်းပဲ အားကိုးနေရတာဆိုတော့ တံတားပြင်ပြီးပြီ ဆိုရင်တောင် သူတို့ရဲ့ စိုးမိုးနယ်မြေ ချဲ့လို့မရဘူးလို့ ပြောချင်တယ်” လို့ ပြောပါတယ်။
မြေပြင်မှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကိုလည်း စစ်ကောင်စီက နေ့စဉ်တိုက်ခိုက်နေပေမဲ့ မန္တလေးဘက်က စစ်ရေးအခြေအနေတွေနဲ့ ဗျူဟာအရ တိုက်ရိုက်ဆက်စပ်တာမျိုးတော့ မဟုတ်သေးဘူးလို့ ဒေသတွင်း နိုင်ငံရေးသမားတယောက်က မှတ်ချက်ပေးပါတယ်။
စစ်ကိုင်း-မန္တလေး-ရှမ်းပြည်ကနေ တရုတ်နယ်စပ်အထိ ကုန်သွယ်ရေးလမ်းပိုင်းတွေကိုတော့ စစ်ကောင်စီက ဖိအားပေးပြီး ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကတော့ လက်ရှိအခြေအနေ ဖြစ်ပါတယ်။
စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “အကြမ်းဖက်စစ်တပ်မှာတော့ စစ်တိုင်းတွေအလိုက် သူတို့ စစ်ရေးလှုပ်ရှားကြတာတွေ ရှိတယ်။ Command ပေးတဲ့ နေရာတွေလည်း မတူကြဘူးလေ။ အလယ်ပိုင်းတိုင်းနဲ့ အနောက်မြောက်တိုင်းနဲ့ကတော့ သူတို့ ဗျူဟာတော့ တူမှာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ နိုင်ငံရေးအရ သဘောတူညီချက်တွေ ဘာတွေ သေချာမရှိနေသေးတဲ့ အချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ကလည်း စစ်ရေးမှာ အတိုးအဆုတ်တွေတော့ ဖြစ်လာမှာပေါ့။ အကြမ်းဖက်စစ်တပ်ကလည်း သူ တိုးလို့ရတဲ့ နေရာတွေကို ဝင်တိုးတဲ့သဘောလို့ပဲ မြင်ပါတယ်။ မန္တလေးဘက်က လုပ်တဲ့အတွက်ကြောင့် စစ်ကိုင်းဘက်ကို လာပြီးတော့ ဖိအားတစုံတရာ ဖြစ်စေမယ် ဆိုတာမျိုးကတော့ တိုက်ရိုက်မဟုတ်ရင် သွယ်ဝိုက် သက်ရောက်မှုလောက်ပဲ ရှိမယ်ထင်ပါတယ်။ ဒါကတော့ တနိုင်ငံလုံးပေါ့နော်၊ တနေရာမှာ စစ်ရှိန်ကျရင်တော့ အခြားနေရာတွေက ပိုဖိခံရတာတော့ ဒါ သဘာဝပဲဗျာ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာ၊ လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေက နောက်ဆုတ်ပေးနေရပေမဲ့ စစ်ကိုင်း-မန္တလေး ဒေသတွင်းကနေ လုံးဝပျောက်ကွယ်သွားတာ မဟုတ်တဲ့အတွက် စစ်ကောင်စီက ထင်သလို စီမံနိုင်တဲ့ အခြေအနေ မဟုတ်ဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အခြေအနေအရ ကာကွယ်ရေးအဖွဲ့တွေဟာ စုဖွဲ့မှုအသွင်ပြောင်းပြီး ပြောက်ကျားစနစ်နဲ့ စစ်ရေးကို ပြန်ချဉ်းကပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုကြပါတယ်။
သုတချမ်းသာ


