
ဒီဇင်ဘာလနောက်ဆုံးအပတ်ဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ရဲ့ အနှီ “အထွေထွေရွေးကောက်ပွဲ” ပထမပိုင်း စတင်တဲ့ သီတင်းပတ်ဖြစ်ပါတယ်။ ပြည်တွင်းစစ်မီးတွေ၊ စစ်ဘေးရှောင်ရတာတွေနဲ့ နေရာအနှံ့ ဖိနှိပ်မှုတွေရှိနေတဲ့ကြားက ကျင်းပနေတာပါ။ စစ်ကောင်စီကတော့ ဒီပွဲဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားမဲ့လမ်းလို့ ပြောနေပါတယ်။ တကယ်တမ်းကျတော့ ဆန့်ကျင်ဘက်ပါပဲ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးတွေ၊ ပုံရိပ်တွေကိုသုံးပြီး အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် သေချာအကွက်ချ စီစဉ်ထားတဲ့ ပြဇာတ်တခုသာ ဖြစ်ပါတယ်။
၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲပြီး လုပ်နေပါတယ်။ ဒီလိုခွဲလုပ်တာက စီမံခန့်ခွဲမှုကောင်းလို့ မဟုတ်ပါဘူး။ တိုင်းပြည်တခုလုံးကို စစ်ကောင်စီက မထိန်းချုပ်နိုင်တော့လို့ပါ။ မြန်မာပြည်မှာ မြို့နယ်ပေါင်း ၃၃၀ ရှိပါတယ်။ ဒီဇင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့ကလုပ်တဲ့ ပထမအပိုင်းမှာ မြို့နယ် ၁၀၂ ခုပဲ ပါပါတယ်။ ဒုတိယပိုင်းကို ၂၀၂၆၊ ဇန်နဝါရီ ၁၁ ရက်မှာ လုပ်မှာဖြစ်ပြီး မြို့နယ် ၁၀၀ ပါဝင်ပါမယ်။ ဇန်နဝါရီ ၂၅ မှာလုပ်မယ့် တတိယပိုင်းမှာတော့ မြို့နယ် ၆၃ ခုလောက်ပဲ ပါမယ်လို့ ခန့်မှန်းရပါတယ်။ မြို့နယ် ၉ ခုက ရက်မသတ်မှတ်ရသေးပါဘူး။ "လုံခြုံရေးအခြေအနေ" ကြောင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြို့နယ် ၅၆ ခုကိုတော့ လုံးဝပယ်ဖျက်လိုက်ပါတယ်။ တကယ်တော့ တိုက်ပွဲတွေဖြစ်နေလို့၊ နယ်မြေဆုံးရှုံးသွားလို့ ဆိုတဲ့သဘောပါပဲ။ နေရာတော်တော်များများမှာ မဲရုံဖွင့်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီနေရာတွေကို စစ်ကောင်စီက မအုပ်ချုပ်နိုင်တော့လို့ပါ။
နိုင်ငံရေးကစားကွက်ကိုလည်း သူတို့နိုင်ဖို့ သေချာအောင် ကြိုစီစဉ်ထားပါတယ်။ ၂၀၂၃ ဇန်နဝါရီတုန်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဓိကပြိုင်ဘက်တွေကို ဖယ်ထုတ်ဖို့ရည်ရွယ်ပြီး စည်းကမ်းချက်တွေနဲ့ ပြန်မှတ်ပုံတင်ခိုင်းတာပါ။ ၂၀၂၃ မတ်လမှာ ပါတီ ၄၀ ကို ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီအထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လည်း ပါသွားပါတယ်။ NLD ဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက လွှတ်တော်နေရာ ၈၂ ရာခိုင်နှုန်းလောက် အနိုင်ရခဲ့တဲ့ ပါတီကြီးတခုပါ။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ပြိုင်ခွင့်ရတာ ပါတီ ၆ ပါတီပဲ ရှိပါတယ်။ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။ ကျန်တဲ့ပါတီအများစုက ဒေသတွင်းမှာပဲ ပြိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ကြံ့ခိုင်ရေးပါတီ (USDP) အတွက် ပြိုင်ဘက်ဆိုတာ နာမည်ခံလောက်ပဲ ရှိပါတော့တယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူနိုင်မလဲ တွေးစရာတောင် မလိုပါဘူး။ ဒါက ယှဉ်ပြိုင်တာ မဟုတ်ပါဘူး။ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ့်ပွဲပါ။
ဒီနေရာမှာ ရှင်းရှင်းလင်းလင်း သိထားရမှာ ရှိပါတယ်။ မဲပေးပွဲလုပ်လိုက်ရုံနဲ့ တရားဝင်အစိုးရ ဖြစ်မလာပါဘူး။ ဒါဟာ ရွေးကောက်ပွဲခေါင်းစဉ်တပ်ထားတဲ့ အာဏာရှင်စနစ် ခိုင်မာအောင်လုပ်ဆောင်မှု တခုသာဖြစ်ပါတယ်။ စစ်ကောင်စီက လုပ်သင့်တဲ့နေရာတွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်ပါဘူး။ သူတို့လုပ်လို့ရတဲ့ နေရာလောက်မှာပဲ လုပ်နေတာပါ။ မဲပေးခွင့်ရခြင်း၊ မရခြင်းက နိုင်ငံသားဖြစ်မှုအပေါ် မမူတည်ပါဘူး။ စစ်တပ်လက်လှမ်းမီသလား၊ မမီဘူးလား ဆိုတာအပေါ်မှာပဲ မူတည်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လုပ်တဲ့မဲပေးပွဲက နိုင်ငံရဲ့တရားဝင်မှုကို ပြန်တည်ဆောက်တာ မဟုတ်ပါဘူး။ နိုင်ငံပျက်စီးနေတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။
ဆန့်ကျင်ကန့်ကွက်ခွင့်တွေလည်း အကြမ်းဖက် ပိတ်ပင်ခံထားရပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြချက်အရ ရွေးကောက်ပွဲကို နှောင့်ယှက်တာ၊ ဆန့်ကျင်တာတွေကြောင့် လူ ၂၀၀ ကျော် အမှုဖွင့်ခံထားရပါတယ်။ ဥပဒေအသစ်အရဆိုရင် သေဒဏ်အထိ ချမှတ်ခံရနိုင်ပါတယ်။ ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာကပ်တဲ့ လူငယ်တွေ ထောင်ချခံရပါတယ်။ သတင်းထောက်တွေ ခြိမ်းခြောက်ခံရပါတယ်။ ဝန်ထမ်းတွေလည်း မပါမနေရ ဖိအားပေးခံနေရပါတယ်။ မဲမပေးဘဲနေဖို့ကလည်း အန္တရာယ်များပါတယ်။ ဝေဖန်ရင်လည်း ရာဇဝတ်မှု ဖြစ်သွားနိုင်ပါတယ်။
ရွေးကောက်ပွဲ ပထမပိုင်း မဲပေးတဲ့နေ့က အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသအများအပြားမှာ ပေါက်ကွဲမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှု သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ မန္တလေးမှာ တိုက်ခိုက်မှုကြောင့် လူ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး၊ ထိုင်းနယ်စပ်အနီး မြဝတီမြို့မှာ ပေါက်ကွဲမှုတွေကြောင့် နေအိမ်တွေ ပျက်စီးကာ ကလေးတယောက် သေဆုံးခဲ့ကာ လူတချို့ ဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။ မဲရုံတွေကို လုံခြုံရေးယူဖို့ စစ်သားတွေ ဖြန့်ကြက်ထားပေမဲ့ ဒါဟာ ပြည်သူ့တွေရဲ့ လုံခြုံရေးထက် ထိန်းချုပ်ဖို့ စနစ်တကျလုပ်ထားတာနဲ့ ပိုတူနေပါတယ်။
မဲပုံးတွေရဲ့ ပုံရိပ်နောက်ကွယ်မှာတော့ ဝမ်းနည်းကြေကွဲမှု၊ ကြောက်ရွံ့တုန်လှုပ်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခါးစည်းခံနေရတဲ့ လူ့အဖွဲ့အစည်းတွေ ရှိနေပါတယ်။ မြန်မာပြည်သူတွေက “ဒီရွေးကောက်ပွဲက ရုပ်ပြသက်သက်ပဲ၊ ဘာမှပြောင်းလဲမှာမဟုတ်ဘူး” လို့ ပြောကြပါတယ်။ ဒါဟာ အဆိုးမြင်တဲ့အနေနဲ့ ပြောတာမဟုတ်ဘဲ အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း မြင်နေကြလို့ပါ။ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေကြားမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ဖော်ပြနိုင်မှာမဟုတ်ဘူးဆိုတာ သူတို့နားလည်ကြပါတယ်။ ပြည်ပရောက် မြန်မာလူငယ်တွေကတော့ ဒီရွေးကောက်ပွဲကို ဒီမိုကရေစီ ရည်မှန်းချက်တွေကို လှောင်ပြောင်နေတဲ့ ဟာသပြပွဲ တခုအဖြစ် တင်စားပြော ပါတယ်။
ဒါပေမဲ့ ဒေသတွင်းရှိ တချို့သောအစိုးရတွေကတော့ ဒီရွေးကောက်ပွဲကို တိုးတက်မှုတခုအဖြစ် သတ်မှတ်ဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းနိုင်ပါတယ်။ သူတို့အနေဖြင့် ဒီလို အမှားမျိုးကို မပြုလုပ်မိဖို့ ဆင်ခြင်ရပါလိမ့်မယ်။ တရားမျှတမှုမရှိဘဲ ရရှိလာတဲ့ တည်ငြိမ်မှုဆိုတာ ငြိမ်းချမ်းရေးမဟုတ်ဘဲ ဖိနှိပ်ချုပ်ချယ်မှုကိုပုံမှန်ကိစ္စတခုလို ဖြစ်အောင် လုပ်ဆောင်တာသာဖြစ်ပါတယ်။ ဒီဟန်ပြလုပ်ရပ်ကို တရားဝင်တယ်လို့ အသိအမှတ်ပြုတာဟာ အာဏာရယူဖို့အတွက် အကြမ်းဖက်မှုကို အားပေးရာရောက်ပြီး အရှေ့တောင်အာရှမှာ ဒီမိုကရေစီဆိုတာ ခိုင်မာတဲ့ ယုံကြည်ချက်ထက် အဆင်ပြေလျှင်ပြေသလို လုပ်ဆောင်လို့ရတဲ့ ရွေးချယ်စရာတခုပဲဖြစ်တယ်လို့ အချက်ပြလိုက်သလို ဖြစ်နေမှာပါ။
အထူးသဖြင့် တရုတ်နိုင်ငံလို ပြင်ပအင်အားစုတွေက ဖိအားပေးပြီး နောက်ကွယ်ကနေ ညှိနှိုင်းမှုတွေကနေတဆင့် လားရှိုးမြို့မှာ စစ်မြေပြင် အလှည့်အပြောင်းကို ပုံဖော်ခဲ့ပါတယ်။ ဒီလို နည်းပရိယာယ်တွေက အပြောင်းအလဲအချို့ကို ဖြစ်စေနိုင်ပေမဲ့ အရပ်သားပြည်သူတွေ အတွက်တော့ ဘေးကင်းလုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့ကို ဆောင်ကြဉ်းပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီရွေးကောက်ပွဲတွေဟာ ငြိမ်းချမ်းရေးဆီသို့သွားလာလမ်းဖြစ်တယ်လို့ ပြောဆိုချက်ဟာ စိတ်ကူးယဉ်ပဲဖြစ်ပါတယ်။ သာမန်ပြည်သူတွေအတွက်ကတော့ ဒါဟာ ၅ နှစ်ကြာဖြစ်ပွားနေတဲ့ ကပ်ဘေးဆိုးကြီးရဲ့ နောက်ထပ် အခန်းတခန်းထပ်ရောက်လာတာသာ ဖြစ်ပါတယ်။
အာဆီယံအနေနဲ့ ကိုယ်ပိုင်အခြေခံမူတွေကို လိုက်နာစောင့်ထိန်းရပါမယ်။ အာဆီယံပဋိညာဉ်မှာ လူသားဂုဏ်သိက္ခာကို လေးစားဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့ အတည်ပြုထားပြီး၊ အာဆီယံ 'Vision 2045' မှာလည်း ပြည်သူကို ဗဟိုပြုတဲ့အခွင့်အရေးကို အခြေခံတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာစေဖို့ ကတိပြုထားပါတယ်။ အာဆီယံအဖွဲ့ကြီးအနေနဲ့ ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒ အစစ်အမှန်လို့ အသိအမှတ်မပြုနိုင်ကြောင်း အမှန်တရားကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုရပါမယ်။ ဒီလိုပြောတာဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ဘဲ ဂုဏ်သိက္ခာရှိစွာ ရပ်တည်တာဖြစ်တယ်။ နှုတ်ဆိတ်နေတာ ဒါမှမဟုတ် ဂုဏ်ပြုစကားဆိုတာဟာ အာဆီယံရဲ့ ယုံကြည်ကိုးစားမှုကို ပျက်ပြားစေကာ ကိုယ့်ရဲ့ စံနှုန်းတွေကို ကိုယ်ပြန်ပြီး သစ္စာဖောက်ရာ ရောက်ပါလိမ့်မယ်။
အခုအချိန်ဟာ ဆက်ဆံဆောင်ရွက်မှု ပုံစံသစ်တရပ်သို့ ပြောင်းလဲဖို့ လိုအပ်နေချိန်ပါ။ အာဆီယံအနေနဲ့ အာဏာကို အတင်းအဓမ္မ သိမ်းယူထားသူတွေနဲ့မဟုတ်ဘဲ၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေကို ကိုယ်စားပြုသူတွေနဲ့သာ သံတမန်ရေးအရ ပိုမိုနက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံရမှာပါ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း အလှူလုပ်တဲ့ သဘောမျိုးထက် လူသားဂုဏ်သိက္ခာကို အသိအမှတ်ပြုပေးခြင်းအဖြစ် ပိုမိုတိုးမြှင့် ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်မှသာ နေရပ်စွန့်ခွာရသူတွေဟာ ပထဝီနိုင်ငံရေး အကြပ်အတည်းရဲ့ ထာဝရသားကောင်တွေအဖြစ် ကျန်ရစ်မနေတော့ဘဲ၊ သူတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင်လုပ်နိုင်စွမ်း ရှိလာမှာပါ။
အာဆီယံခေါင်းဆောင်တွေအနေနဲ့ ကျေနပ်အားရနေတာထက် သတ္တိရှိတာကို ရွေးဖို့၊ အဆင်ပြေမှုကို ရှေးရှုတာထက် အခြေခံမူတွေကိုရွေးဖို့၊ အာဏာထက် ပြည်သူကို ရွေးချယ်ကြဖို့ တိုက်တွန်းလိုပါတယ်။ အသိအမှတ်ပြုမှုဆိုတာ စစ်အုပ်ချုပ်ရေးကို တရားဝင်အောင် ဖန်တီးထားတဲ့ ဟန်ပြပြကွက်ကနေ ရရှိလာမှာမဟုတ်ဘဲ နိုင်ငံသားတွေကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းတဲ့ လုပ်ငန်းစဉ်ကနေတဆင့်ပဲရမှာဖြစ်ပါတယ်။ မြန်မာပြည်တွေဟာ ဒီမိုကရေစီ မျှော်လင့်ချက်အတွက် ထောင်နဲ့ချီ သေဆုံး၊ သောင်းနဲ့ချီ ဖမ်းဆီးခံရတာနဲ့ သန်းနဲ့ချီ နေရပ်စွန့်ခွာရတာတွေနဲ့ အစွမ်းကုန် ပေးဆပ်ခဲ့ပြီးဖြစ်ပါတယ်။ သူတို့ဟာ ပြပွဲတခုမှာ အသုံးချခံ ပစ္စည်းတွေအဖြစ် ရှိနေဖို့ထက် ပိုမိုထိုက်တန်သူတွေဖြစ်ပြီး သူတို့ရဲ့အသံတွေကို ကမ္ဘာက နားထောင်ပေးဖို့ လိုပါတယ်။
ဒီအတုအယောင် ရွေးကောက်ပွဲကို တရားဝင်အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်ခြင်းဖြင့် မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးပါလို့ အင်ဒိုနီးရှားနိုင်ငံသားတယောက်အနေနဲ့ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုအစိုးရကို အထူးတိုက်တွန်းတောင်းဆိုလိုက်ရပါတယ်။ သြဇာအာဏာကို အသုံးပြုပြီး ဦးဆောင်တာမျိုးမဟုတ်ဘဲ၊ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ပြတာ၊ အရှေ့တောင်အာရှရှိ ဒီမိုကရေစီဆိုတာ ကြွေးကြော်သံသက်သက်မဟုတ်ဘဲ အားလုံးက စုပေါင်းသန္နိဋ္ဌာန်ချထားတဲ့ ကတိကဝတ်ဖြစ်ကြောင်း ပြသတာနဲ့ ဦးဆောင်ကြဖို့ပါ။ ဒီမိုကရေစီဆိုတာ တိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာတာမဟုတ်ဘဲ ရွေးချယ်မှု၊ ကာကွယ်မှုနဲ့ အမြဲမပြတ် ပြုပြင်ပျိုးထောင်မှုတို့ကြောင့် ဖြစ်တည်လာတာလို့ အင်ဒိုနီးရှားနိုင်ငံက အရင်ကတည်းက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ အခုအချိန်တွင်မှာလည်း ဒီလမ်းစဉ်ကို တဖန်ပြန်လည် ရွေးချယ်ရမှာဖြစ်ပါတယ်။
ဒီမိုကရေစီစံနှုန်းတွေကို ဒေသတွင်း တရားဝင်မှုရဲ့ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ရမှာဖြစ်ပြီး၊ အဆင်ပြေတဲ့အခါမှသာသုံးတဲ့အဆင်တန်ဆာလို သဘောမထားသင့်ပါ။ အာဆီယံအနေနဲ့ ပေးထားတဲ့ ကတိကဝတ်တွေနဲ့ ထိုက်တန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ချင်ရင် မြန်မာနိုင်ငံမှာ ဒီကတိကဝတ်တွေကို စတင်အကောင်အထည်ဖော်ခြင်းအားဖြင့် သက်သေပြရပါမယ်။ အာဆီယံဒေသရဲ့ ယုံကြည်ကိုးစားမှုနဲ့ ဒီမိုကရေစီထွန်းကားတဲ့ မြန်မာနိုင်ငံ ဖြစ်လာနိုင်ခြေဟာ ဒီရွေးချယ်မှုအပေါ်မှာသာ မူတည်နေပါတယ်။
ယုယွန် ဝါယူနင်ဂရမ်
Ref: The Jakarta Post


