
စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို အာဆီယံအဖွဲ့အနေနဲ့ စောင့်ကြည့်ဆန်းစစ်သွားမှာဖြစ်ပြီး ဘယ်အဖွဲ့အစည်းကိုမှ ဆောလျင်စွာ တရားဝင်အသိအမှတ်ပြုတာမျိုးမဖြစ်အောင် ရှောင်ကြဉ်သွားမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ပထမပိုင်းအပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီးနောက်မှာ မလေးရှားဝန်ကြီးချုပ်ရဲ့ ခုလို မှတ်ချက် ထွက်ပေါ်လာခဲ့တာပါ။
ဒါ့အပြင် အာဆီယံရဲ့ ရပ်တည်ချက်အနေနဲ့ အခုနှစ်ကုန်အထိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်က အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ အလေးအနက် ဆက်လက်စဉ်းစား ဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။
ဝန်ကြီးချုပ် အန်နဝါက “ဘယ်လို ဆန်းစစ်ချက်မဆို အဆင့်လိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ အကြမ်းဖက်မှုတွေ လျော့ကျဖို့၊ ကွဲပြားမှုတွေ ပိုမိုပြီးတော့ နက်ရှိုင်းမလာစေဖို့နဲ့ အားလုံးပါဝင်ပြီး ယုံကြည်စိတ်ချရတဲ့ လမ်းစတခုကို ဆက် လက်ထိန်းသိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲပထမပိုင်းကိုတော့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ သုံးပုံ တပုံ လောက်မှာပဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာသတင်းတွေမှာတော့ မြန်မာ့ရွေးကောက်ပွဲကို ပြည်သူတွေဟာ မျှော်လင့်ချက် ကြောင့်မဟုတ်ဘဲ ကြောက်စိတ်ကြောင့် မဲပေးကြရတာဖြစ်သလို မဲလာပေးသူ အရေအ တွက်ကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ နည်းပါးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဝေဖန်ရုံနဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ထောင်ဒဏ် နှစ် ၂၀ ကနေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြဋ္ဌာန်းထားပြီး အနည်းဆုံး လူပေါင်း ၂၂၉ ယောက်ကို တရားစွဲထားပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဇန်နဝါရီ ၂၅ ရက်နေ့ ၆၃ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နိုင်ဂျီးရီးယား၊ နီပေါနဲ့ ပါကစ္စတန် ၉ နိုင်ငံက စုစုပေါင်း လူဦးရေ ၆၀ ကျော် စောင့်ကြည့် လေ့လာခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲနေ့နဲ့ မတိုင်ခင်ရက်တွေမှာ နိုင်ငံတဝန်း မြို့နယ်တချို့မှာ ဗုံးပေါက်ကွဲတာတွေ၊ ရှိခဲ့သလို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေဖြစ်ပွားခဲ့တာနဲ့ နိုင်ငံတွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြတာတွေလည်း တွေ့ရပါတယ်။


