
ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မတွေ့ဆုံခင် နာရီပိုင်းအလိုမှာပဲ ၂ နိုင်ငံကြား နယ်စပ်တလျှောက် တိုက်ပွဲတွေ ထပ်ပြီး ဖြစ်ပွားခဲ့ပါတယ်။
အာဆီယံအနေနဲ့ သံတမန်ရေးနည်းလမ်းအရ ဖြေရှင်းပေးနိုင်ဖို့ ကြိုးပမ်းနေချိန် ဒီဇင်ဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ဒီ အိမ်နီးချင်းနှစ်နိုင်ငံကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အာဆီယံ အထူးအစည်းအဝေး အပြီးမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရခဲ့ဘူးလို့ဆိုတဲ့အပြင် ၂ နိုင်ငံ နယ်စပ်ရေးရာ အထွေထွေကော်မတီ GBC ရဲ့ အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်မှာသာ ကျင်းပမဲ့အကြောင်း ပြောသွားပါတယ်။
ဒါဟာ နှစ်ဖက်တိုက်ပွဲတွေ ပြန်စပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
လောလောဆယ် ထိခိုက်သေဆုံးတဲ့ သတင်းတွေ မကြားရသေးဘဲ တကျော့ပြန် တိုက်ပွဲတွေကို ထိုင်းအစိုးရဘက်က မှတ်ချက်ပေး ပြောဆိုတာမျိုးလည်း မတွေ့ရသေးပါဘူး။
ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဘန်တေးမင်ချေခရိုင်ထဲကို ထိုင်း F16 တိုက်လေယာဉ်တွေ ရောက်လာပြီး ဗုံး ၄ လုံး ကြဲချသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပရေချန်းရွာ ဧရိယာအတွင်း အဆိပ်ဓာတ်ငွေ့တွေနဲ့ တိုက်ခိုက်တာမျိုး ရှိခဲ့တယ်လို့လည်း AKP နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၈ ရက်က ပြန်လည်စတင်ခဲ့တဲ့ ပဋိပက္ခအတွင်း လူအယောက် ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး နှစ်ဖက်ဒေသခံ တသန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ထိုင်းရုပ်သံ Channel 3 မှာတော့ ကမ္ဘောဒီးယားတပ်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ခေါ့ဆွန်ခရိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့သလို နေအိမ်တွေလည်း ပျက်စီးခဲ့တယ်ဆိုပြီး ဖော်ပြပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် ကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေကြား “အမြန်ဆုံး သင့်မြတ်စေမဲ့ အဖြေတခုကို ရယူလိုကြပါတယ်” ဆိုပြီး မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့လည်း ဇူလိုင်လမှာရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ အောက်တိုဘာလမှာ လက်မှတ်ရေးထိုးခဲ့တဲ့ နောက်ထပ်စာချုပ်တခုကိုပါ ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး ကမ္ဘောဒီးယားနဲ့ ထိုင်းက အပြန်အလှန် စွပ်စွဲထားပါတယ်။
Source: Reuters


