
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာနဲ့ ငါန်းမြှာကြီး ကျေးရွာတို့မှာ ဒီဇင်ဘာ ၂၁ ရက် မနက် ၅ နာရီကျော်လောက်က စတင်ကာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာသားတယောက်က “ကနဦး ဆုံရွာနဲ့ မနက် ၄ နာရီကျော် ၅ နာရီခန့်မှာ ငါန်းမြှာကြီးရွာဘက်ကနေ လက်နက်တွေ ပစ်သံကြားရတာ။ မနက်ခင်း ၆ ခွဲ ၇ နာရီလောက်မှာ ဆီမီးခုံရေတပ်ကနေ လက်နက်ကြီး ၁၀ လုံးထက်မနည်း ဆုံရွာနဲ့ ငါန်းမြှာကြီးရွာဘက်တွေကို ပစ်တယ်။ လေယာဉ်ကလည်း ဆုံရွာဘက်ကို အရင်ကြဲတယ်။ နောက်ထပ်တစီးက ငါန်းမြှာကြီးရွာဘက် ထပ်ကြဲတယ်။ လက်နက်ပစ်သံ အရင်ဆုံး ငြိမ်သွားတာက ဆုံရွာဘက်က ငြိမ်သွားတယ်။ ငါန်းမြှာကြီးဘက်ကတော့ နေ့ခင်း ၁၀ နာရီ ၁၁ လောက်မှ ငြိမ်သွားတယ်။ နှစ်ဖက် အထိအခိုက် အကျအဆုံးကတော့ မသိရဘူး” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက် မြင်းခြံမြို့ တခြားဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တယောက်က “ဆုံရွာတိုက်ပွဲကတော့ တိုက်ပွဲအောင်ခါနီးမှ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ နောက်ပြန်ဆုတ်ခဲ့ရတာ။ စခရော၊ ပျူတွေရော အကျအဆုံးရှိတယ်။ ကိုယ့်ဘက်ကတော့ လေကြောင်းကဗုံးကြဲလို့ ရဲဘော် ၆ ဦး ပေးဆပ်လိုက်ရတယ်။ မြင်းခြံတိုက်ပွဲကလည်း စစ်ကားပေါ်မှာပါလာတဲ့ (-) တွေလည်း အကုန်ရလိုက်တယ်။ ငါန်းမြှာကြီးရွာတိုက်ပွဲလည်း စခတွေ အသေအပျောက်များတယ်” လို့ ပြောပါတယ်။
ဆုံရွာနဲ့ ငါန်းမြှာကြီးရွာကို စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက ပြန်လည်ရယူပြီး ကျေးရွာအတွင်း တပ်ဆွဲနေတာ တနှစ်ကျော်အထိရှိနေပြီး ဒေသခံရွာသားတွေကတော့ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက် မနေကြဘဲ စစ်ဘေးရှောင်နေတာ တနှစ်ကျော်ရှိနေပြီလို့ သိရပါတယ်။
စစ်တပ်က မြေပြင်တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်တာကြောင့် လေကြောင်းအားသာချက်ကို အသုံးပြု တိုက်ခိုက်နေတာလို့ ဆိုပါတယ်။


