
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံကြီးရွာကို စစ်တပ်က လေယဉ်နဲ့ ဒီဇင်ဘာ ၁၉ ရက် နေ့ခင်း ၁၂ နာရီ ၅၉ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီလေယာဉ်ဟာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာအမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
ရွာသားတယောက်က “ကြဲတာက ၂ ကြိမ် ပတ်ကြဲတာဗျ။ ကနဦးအကြိမ်မှာ ထိခိုက်မှုမရှိခဲ့ပေမဲ့ ဒုတိယအပတ်မှာ ကြဲချတဲ့ ဗုံးသီးက အဘွားအိုတဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်။ ရွာပေါ်ကို တည့်တည့်မကြဲချလို့ အထိအခိုက်နည်းရတာ။ ကြဲချတဲ့ဗုံးသီးတွေက ရွာအပြင်ဘက်ကိုကျလို့ ကံကောင်းရတာပါ” လို့ ပြောပါတယ်။
ကံကြီးရွာမှာ မြေပြင်စစ်ကြောင်းမရှိသလို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ စစ်တပ်က လာရောက်တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “ကံကြီးရွာက စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အချိန်အထိ ဝေဟင်ကနေ ဗုံးကြဲချတဲ့ အကြိမ်ရေဟာ အခုအကြိမ် အပါအဝင် ၁၃ ကြိမ်အထိရှိနေပြီဗျ။ အခုလည်း အကြောင်းမဲ့ လာတိုက်ခိုက်သွားတာ” လို့ ပြောပါတယ်။
ကံကြီးရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက် ညသန်းခေါင်ကလည်း အခုလို လေကြောင်းကနေ ဗုံးကြဲချလို့ ကလေးငယ် ၃ ယောက် အပါအဝင် ၅ ယောက် ပွဲချင်းပြီး သေဆုံးပြီး နေအိမ် ၁၅ လုံးခန့် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။


