
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်း၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းဆုံမှာရှိတဲ့ မြေနီသျှိုရွာကို ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက စတင်ကာ ညနေ ၃ နာရီအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ မြေနီသျှိုရွာအနီးမှာ ခရီးသွားကားတွေနဲ့ ဆီဘောင်ဆာကားတွေ ပိတ်မိနေတယ်လို့လည်း သိရပါတယ်။
ဒေသခံ မခင်ဦးက “ပစ်နေတုန်းပဲ တစီး ပြန်သွားလိုက်၊ တစီးနဲ့ လာကြဲလိုက်နဲ့ဗျ။ ဘယ်သူမှ အနားကပ်လို့ မရသေးဘူး။ တအုန်းအုန်းလာကြဲချနေတာ။ ပထမဆုံး လာကြဲချတုန်းကတော့ ပြည်သူ ၆ ဦး ဒဏ်ရာရပြီး ဆီဘောင်ဆာကားတွေလည်း မီးလောင်တယ်။ ဆီခြံပေါ်လည်းကျလို့ ဆီခြံလည်း မီးလောင်နေတယ်။ ပုန်းကျင်းထဲ ပုန်းနေတဲ့ ပြည်သူတွေလည်း အပြင်မထွက်ရဲကြဘဲ ပိတ်မိနေတာတွေလည်း ရှိနေပါတယ်” လို့ ပြောပါတယ်။
မြေနီသျှိုရွာကို စစ်တပ်က တံတားဦးနဲ့ မိတ္ထီလာ လေတပ်က ဂျက်တိုက်လေယာဉ် ၅ စင်း၊ နမခက တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စင်း အပါအဝင် Y12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆရာကျောင်းက “မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘူးဗျ။ အကြောင်းမဲ့ လာပြီး ဗုံးကြဲနေတာ။ Rocket တွေ၊ စက်လက်နက်တွေနဲ့ပါ ပစ်ခတ်တာဗျ။ အရပ်သား အသေအပျောက်ကတော့ ရှိနိုင်တယ်။ ကယ်ဆယ်ရေးလည်း ဘယ်လိုမှ မလုပ်နိုင်ကြသေးဘူး။ ဘေးလွတ်ရာကနေ စောင့်ကြည့်နေကြရတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်က ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ အရှေ့တောင်ခြမ်းကို ဒီဇင်ဘာ ၁၆ ရက်က စတင်ပြီး ဒီဇင်ဘာ ၁၈ ရက်အထိ နေ့ရောညပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ သေဆုံးထိခိုက်မှုကိုတော့ DVB အနေနဲ့ သီးခြား စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ခင်ဦးအရှေ့ခြမ်းနဲ့ တောင်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေရွာတွေဟာ ဖုန်းလိုင်းနဲ့ ဆက်သွယ်ရေး အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် မြေပြင်အခြေအနေ အသေးစိတ်ကို မသိနိုင်သေးဘဲ ဖြစ်နေတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ရင်ခွင်တာဝန်ရှိသူတွေနဲ့ အရပ်ဖက် ကူညီရေး ပရဟိတသမားတွေက ပြောပါတယ်။


