
စစ်ကိုင်းတိုင်း၊ ခင်းဦးမြို့နယ်က ဧရာဝတီမြစ်ဘေးတလျှောက်က ရွာတွေနဲ့ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က ခင်ဦးလမ်းဆုံနေရာတွေကို ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး အရပ်သား ၆ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
ထောင်ချီတဲ့ ကားတန်းတွေ ပိတ်မိနေတဲ့ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်က ခင်ဦးလမ်းဆုံနေရာကို ဒီဇင်ဘာ ၁၈ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ ယောက်မနည်း သေဆုံးပြီး နောက်ထပ် သေဆုံးထိခိုက် အများအပြား ရှိနေသေးတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတယောက်က ပြောပါတယ်။
ကားတန်းပိတ်မိလို့ စောင့်ဆိုင်းနေတဲ့ ခရီးသွားနဲ့ ကားသမားတွေ စုနေတဲ့နေရာကို တမင်ရွေးပစ်သွားတာလို့ ဗုံးကြဲမှု ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“အောင်ဇေ ဆီဆိုင်နားက Starlink ဆိုင်နေရာတည့်တည့်ကို ပစ်သွားတာ။ အဲဒီမှာက ကားသမားတွေရော၊ ခရီးသွားတွေရော၊ ဒေသခံတွေရော အကုန် တစုတစည်း အင်တာနက် သုံးနေတဲ့အချိန်လိုမျိုး ဖြစ်သွားတာ ဆိုတော့လေ။ သေဆုံးထိခိုက် အတော်များမယ်။ ကျနော့် မျက်စိရှေ့မှာ မြင်ရတာ ၆ ယောက်လောက် ရှိတယ်။ တခြား သေဆုံးထိခိုက်တွေ ရှိသေးတယ်။ ဂျိုင်ရောကော့ပတာ သုံးစီးက ထပ်တက်လာလို့ ကျနော်တို့လည်း အဲဒီနေရာကနေ အမြန်ရှောင်ထွက်လာခဲ့ရတယ်။”
ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံး အများအပြား ရှိခဲ့ပြီး လမ်းဆုံက ဆီဆိုင်တွေက ဆီပုံးတွေ မီးလောင်ပျက်စီးခဲ့သလို ကား ၄ စီးလောက်လည်း ပျက်စီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ကန့်ဘလူမြို့နယ်၊ ကျီကျင်းရွာဂိတ်ကနေ ကားတွေကို ပေးမဖြတ်တာကြောင့် အဆင်းနဲ့ အတက် ကားအကုန် ပိတ်မိနေတာ ၁၀ ရက်ခန့် ရှိနေပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက် မနေ့ကလည်း ခင်ဦးနယ် ဧရာဝတီမြစ်တလျှောက်က ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ရေဦးမြို့နယ် ပကဖ လက်ရုံးတပ် သတင်းတာဝန်ခံ ကိုထူးခန့်ဇော်က DVB ကို ပြောပါတယ်။
“ခင်ဦးနယ် အရှေ့ခြမ်း၊ အရှေ့တောင်ခြမ်းနဲ့ ဧရာဝတီမြစ်ကမ်းတလျှောက် ရွာအများစုပေါ့။ ကဘွက်ရွာ၊ ချောင်းသလဲရွာတို့ ခင်ဦးနဲ့ စဉ့်ကူး ရွာနီးချုပ်စပ် နေရာတွေက စစ်ရှောင်ပြည်သူတွေ ရှိတဲ့နေရာကို အကြိမ် သုံးဆယ်ထက်မနည်း ဗုံးကြဲတယ်လို့ သိရတယ်။ သေဆုံး ထိခိုက် စာရင်းကိုတော့ လက်ရှိက မသိရသေးဘူး။ ထိခိုက်မှုကတော့ များတယ်လို့ပဲ သိရသေးတယ်။”
မနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ခင်းဦးအရှေ့ခြမ်း ဧရာဝတီမြစ်တလျှောက်က ရွာခံတွေနဲ့ မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာဘက်က မြစ်ကူးပြီး စစ်ရှောင်လာတဲ့ ဒုက္ခသည်တွေကို ဦးတည်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ အရပ်သားတွေ ရှိတဲ့ ဆေးရုံ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီး စတဲ့နေရာ အများစုကို ဦးတည်ကာ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်နေတာလို့ ဒေသခံနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။


