
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသစ်ကုန်းရွာအနီးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ ရက် မနက် ၁၀ နာရီကျော်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီးတပါးပျံလွန်ပြီး ပြည်သူ ၃ ယောက် သေဆုံးခဲ့ကာ အမျိုးသမီးတွေ ဒဏ်ရာရသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူ ကိုရှမ်းကြီးက “ကျနော်တို့ ကူညီကယ်ဆယ်ရေးအတွက် သွားလုပ်တဲ့အခါ ဘုန်းကြီး တပါးနဲ့ ပြည်သူ ၃ ဦး သေဆုံးနေတာကို တွေ့ရတယ်။ နောက်ပြီး အမျိုးသမီး ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ကား ၃ စီးမီးလောင်ပျက်စီးခဲ့တာတွေလည်း ရှိတယ်။ စစ်တပ်က ကျနော့်အမြင်ပြောရရင် ပြည်သူတွေရဲ့ ဆက်သွယ်ရေးနဲ့ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်လာတယ်လို့ မြင်တယ်။ အခုလည်း သာမန်ပြည်သူတွေရဲ့ ကားတွေကို အကြောင်းမဲ့ ပစ်တာ”လို့ ပြောပါတယ်။
တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၂ စင်းက ၄ ကြိမ်စီ ဗုံးကြဲသွားသလို မုံရွာအခြေစိုက် နမခတပ်ကလည်း စက်တပ်လေထီးယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူက “ကျနော်တို့ ရွာသစ်ကုန်းနဲ့ မအူကျေးရွာအနီး ပိတ်မိနေတဲ့ ခရီးသွားလိုင်းကားတွေ၊ ကုန်ကားတွေကို ပတ်ကြဲချသွားတာဗျ။ လမ်းကဘာလို့ ပိတ်တာလဲဆိုတော့ ခင်ဦး-ကန့်ဘလူအစပ်မှာရှိတဲ့ ဇီးကုန်းမြို့အဝင် စစ်ကောင်စီစစ်ဆေရေးဂိတ်က အကြောင်းပြချက် မရှိဘဲ ပိတ်ထားတာလေ။ အဲဒီလိုကားလမ်းပိတ်လို့ ကွင်းလမ်းကနေ မောင်းနေတာကို လေယာဉ်နဲ့ရော စက်တပ်လေးထီးနဲ့ပါ ဗုံးကြဲသွားတာ။ မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ဒီဇင်ဘာ ၁၆ ရက် တရက်တည်းမှာတင် စစ်ကိုင်းတိုင်းအတွင်းက ရွှေဘိုမြို့နယ်အပြင် ကနီ၊ ခင်ဦး စတဲ့မြို့နယ်တွေဘက်ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။


