ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ ဒီဇင်ဘာလဆန်းပိုင်းကနေ ဒီဇင်ဘာ ၁၂ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိစစ်ဗိုလ် တယောက် အပါအဝင် ၁၀ ယောက် သေဆုံးသလို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲပြီး စစ်သားတွေက မီးရှို့လို့ ဒမငယ်ကျေးရွာက စာသင်ကျောင်းနဲ့ လူနေအိမ်အများအပြာ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တယောက်က “အခုလ ၅ ရက်နေ့လောက်မှာ ဒမငယ်ရွာဘက်ကို စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်း ဝင်လာတယ်။ အဲဒီအချိန်ကတည်းက နှစ်ဖက် တိုက်ပွဲတွေပြင်းထန်ခဲ့တာ ၁၂ ရက်နေ့ ညပိုင်းအထိပေါ့။ တပတ်လောက်ကြာတဲ့ တိုက်ပွဲထဲမှာ သူတို့ဘက်က စစ်ဗိုလ် ၁ ယောက် အပါအဝင် ၁၀ ယောက်ထက်မနည်း သေတယ်”လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ငယ် ၄ လက်၊ ခဲယမ်းတွေနဲ့အတူ စကားပြောစက်တွေအပြင် တခြားစစ်သုံးပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့သလို တော်လှန်ရေးရဲဘော်တယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းကို အမှတ် ၃၈၀၁ တပ်ရင်းရဲ့ တပ်ခွဲ ၂၊ ၃ ၊ ၄၊ ၆၊ ၇၊ တပ်ရင်းဒရုန်းတပ်ဖွဲ့၊ အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၁၊ Spring Bees UAV Force၊ နတ်တလင်းမြို့နယ် ပကဖ တို့အပြင် ဇီးကုန်းမြို့နယ် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ပဲခူးတိုင်းစစ်ဌာနက ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
နတ်တလင်းမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မြေပြင်တိုက်ပွဲထဲမှာ သူတို့ဘက်က အထိနာလို့ ဂျက်ဖိုက်တာတွေ၊ ပါရာမော်တာတွေနဲ့ပါ ဗုံးကြဲတယ်။ စာသင်ကျောင်းဆောင်တွေနဲ့ အိမ်တွေ ပျက်စီးတယ်။ စစ်ကြောင်းကလည်း အိမ်တွေကို မီးရှို့ဖျက်ဆီးကြသေးတယ်။ အိမ်ခြေ ၈၀၀ လောက်ရှိတဲ့ရွာကို သူတို့ဖျက်ဆီးလို့ အိမ်ခြေ ၄ ပုံ ၃ ပုံလောက် ပျက်စီးကုန်တယ်။ ရွာခံတွေကတော့ စစ်ဘေးရှောင်နေကြရတာ ၂ ပတ်နီးပါးလောက်ရှိပြီ” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နောက်ပိုင်း ဒီဇင်ဘာ ၁၆ ရက်အထိလည်း တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေလို့ စစ်ဘေးရှောင်နေကြရတဲ့ ဒမငယ်ကျေးရွာသား ၂,၀၀၀ ကျော်ဟာ ဆောင်းတွင်းကာလ ဖြစ်တာကြောင့် ယာယီနေထိုင်စရာတွေ၊ အနွေးထည်၊ စောင်တွေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။










