Home
မြန်မာသတင်း
ကလေးမြို့ပေါ်ရပ်ကွက်များတွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ
DVB
·
December 16, 2025

ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်က ရပ်ကွက်တွေထဲ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေလို့ မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ကလေးမြို့က ရပ်ကွက် ၇ ခုနဲ့ ကျေးရွာအုပ်စု ၃၃ ခုမှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၅ ရက်မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်း စစ်သားနဲ့ရဲတွေက ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ရပ်ကွက်တွေထဲက အသက် ၂၀ နဲ့ ၃၀ အရွယ်ကြား လူငယ်တွေကို ပေါ်တာလိုက်ဆွဲနေတဲ့အတွက် နေ့ခင်းဘက်မှာတောင် အပြင်ထွက်ဖို့ ကြောက်နေရတယ်လို့ မြို့ခံတွေက လက်ရှိအခြေအနေတွေကို ရှင်းပြပါတယ်။ 

ပေါ်တာအဆွဲခံရပြီး ပြန်လွတ်လာတဲ့ လူငယ်တယောက်က “နေ့လယ်ဘက်ကြီး မုန့်သွားဝယ်ရင်း ရပ်ကွက်ထဲမှာ ကျနော် အဖမ်းခံရတာ။ အချုပ်ထဲမှာ ၂ ည အိပ်ရတယ်။ ပြီးတော့ ကျနော်နဲ့အတူ အဖမ်းခံရတဲ့သူတွေကို စုပေါင်းရုံးကို ပို့တယ်။ အဲဒီမှာ ကျနော့်အိမ်က သိန်းငါးဆယ်နဲ့ လာရွေးလို့ ကျနော် ပြန်လွတ်လာတာပါ။ ကျနော်နဲ့အတူ အဖမ်းခံရပြီး ငွေနဲ့ မရွေးနိုင်တဲ့သူတချို့ကတော့ ကျန်နေခဲ့တယ်။ ဝန်ခံကတိလက်မှတ်လည်း ထိုးပေးခဲ့ရတယ်၊ နိုင်ငံရေးမှာ မပါဝင် မပတ်သက်ပါဘူးဆိုပြီး၊ ကျန်တဲ့အချက်တွေလည်း ပါတယ်။ အဲဒီတုန်းက ကြောက်နေတော့ မမှတ်မိဘူး။ ခုထိလည်း ကြောက်နေတုန်းပဲ အပြင်ကို မထွက်ရဲတော့တာ။ တခုခုဆို အိမ်ကလူကြီးတွေကပဲ လိုတာတွေ ထွက်ထွက်ဝယ်ပေးနေရတယ်။ အခုနောက်ပိုင်း ပိုကြမ်းလာတယ် ဘူတာရုံလမ်းခွဲကနေ အနောက်ဘက်ရပ်ကွက်တွေမှာဆို ချောင်ကြိုချောင်ကြားထိ လိုက်ဖမ်းနေတာ” လို့ ပြောပါတယ်။

ကလေးမြို့မှာ စစ်တပ်က ကျင်းပမယ့်ရွေးကောက်ပွဲကို ဒေသခံတွေနဲ့အတူ ဆန့်ကျင်နေတဲ့ မြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ (KPSSC) ရဲ့ စာရင်းအရ ကလေးမြို့မှာ လူငယ်ပေါင်းအယောက် ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပြီလို့ ဆိုပါတယ်။ 

ပြန်ရွေးငွေဟာ သိန်း ၃၀ နဲ့ ၅၀ ကြားအထိ ဈေးပေါက်ပြီး မရွေးနိုင်ပါက ချင်းပြည်နယ်ဘက်က စစ်ကြောင်းတွေဆီ အပို့ခံရတယ်လို့ ဆိုပါတယ်။ 

KPSSC မှ ဦးမောင်မောင်လေးက “ကျနော်တို့ ကလေးမြို့မှာ လူငယ်လူရွယ်တွေအနေနဲ့ ကျီးစားလန့်စား နေ့စဥ်နဲ့အမျှ ကြုံတွေ့နေရတယ်။ တနည်းအားဖြင့် လူဖမ်းပွဲကြီးလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးမြို့ရဲ့ နေရာအနှံ့အပြားမှာ စကစ အရပ်ဝတ် စစ်ကောင်စီ သတင်းပေးတွေ နေရာအနှံ့အပြားမှာရှိပြီးတော့ ဒီလူငယ်လူရွယ်တွေ စုစုရုံးရုံးရှိပြီး နှစ်ယောက် သုံးယောက်ရှိပြီဆိုတာနဲ့ စကစဘက်က အိမ်စီးကားနဲ့ခေါ်သွားတဲ့ ဖြစ်စဥ်တွေ နေ့စဥ်နဲ့အမျှကြုံတွေ့ရတယ်” လို့ ပြောပါတယ်။

အခုလို ကလေးမြို့ပေါ်မှာ လူဖမ်းပွဲ နေ့စဥ်ရှိနေတဲ့အတွက် လူငယ်တွေအနေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပေးဖို့နဲ့ ရွေးချယ်စရာမရှိတဲ့ အခြေအနေမျိုး နဲ့ ရင်ဆိုင်နေရပါက တော်လှန်ရေးမှာ တနိုင်တပိုင်ပါဝင်ကြဖို့အတွက် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက မေတ္တာရပ်ခံထားပါတယ်။

ရပ်ကွက်ပေါင်း ၂၀ ရှိတဲ့ ကလေးမြို့မှာ တာဟန်း၊ စမ်းမြို့၊ တောင်ဖီလာ၊ တောင်ဇလပ်၊ ကြို့သုံးပင်၊ လှိုင်သာယာနဲ့ မြို့လှ စတဲ့ ရပ်ကွက် ၇ ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတာကြောင့် ပြုလုပ်မှာ မဟုတ်ဘူးဆိုထားပေမဲ့ မဲစာရင်းပြည့်စုံဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ (Door to Door) တအိမ်တက်တအိမ်ဆင်းစနစ်နဲ့ မဲစာရင်းတွေကို အတင်းအကျပ် လိုက်စစ်ခိုင်းနေပြီး လူငယ်တွေကို နေ့စဥ် ပေါ်တာဆွဲနေတာ ဖြစ်ပါတယ်။ 

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013