
မင်္ဂလာဒုံမြို့နယ်ထဲက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကိစ္စနဲ့ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးသိုက်ထွန်း နဲ့ စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးဝင်းကျော်ဦးတို့ စစ်ဆေးခံနေရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဒုဗိုလ်မှူးကြီးသိုက်ထွန်း နဲ့ စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးဝင်းကျော်ဦးကို ဒီဇင်ဘာ ၁၄ ရက်က အမှတ် ၂ စစ်ထောက်လှမ်းရေးအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ထောက်ကြန့်နဲ့ မင်္ဂလာဒုံမှာ ဖြစ်နေတဲ့ အွန်လိုင်းငွေလိမ်တဲ့ကိစ္စတွေမှာ နာမည်ထွက်နေလို့ ဗျူဟာမှူးနဲ့ လေတပ်က ဗိုလ်မှူးကို အမှတ် (၂) စရဖ အဖွဲ့က ဒုချုပ် ဆေးသင်တန်းဖွင့်ပွဲမလာခင် ဒီဇင်ဘာ ၁၄ ရက် ညက ခေါ်စစ်တာ။”
ဒီလို ခေါ်စစ်တာဟာ လုံခြုံရေး တင်းကျပ်ထားတဲ့ မင်္ဂလာဒုံတပ်နယ်ထဲမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ အခြေချလုပ်ကိုင်နေတဲ့ သတင်းတွေထွက်အပြီး လူမှုကွန်ရက်မှာ ပျံ့နှံခဲ့တဲ့ သတင်းတွေကြောင့်လို့လည်း ဆိုပါတယ်။
မင်္ဂလာဒုံနဲ့ ထောက်ကြန့်မှာ ငွေလိမ်ခံရတဲ့သူတွေအနေနဲ့ နိုဝင်ဘာ ၃၀ ရက်က အွန်လိုင်းငွေလိမ်ခံရတဲ့ ကိစ္စတွေကို နေပြည်တော် အပါအဝင် တိုင်းစစ်ဌာနချုပ်ကို တိုင်ကြားခဲ့တာကြောင့် အခုလို ခေါ်စစ်ခံရတာလို့ ဖြစ်စဥ်သိသူတယောက်က DVB ကို ပြောပါတယ်။
“အလိမ်ခံရတဲ့အထဲမှာ တပ်က အငြိမ်းစားတွေလည်း ပါတယ်၊ ဒါကို မင်္ဂလာဒုံတပ်နယ်က ထိထိရောက်ရောက်မလုပ်ဘဲ ကာကွယ်ပေးထားလို့ နားလည်တဲ့သူတွေက နေပြည်တော်အထိ တိုင်တာ။ ကျားဖြန့်မှာ စစ်တပ်က ပါဝင်ပတ်သက်နေသလို ဖြစ်နေတယ်။”
ဒုဗိုလ်မှူးကြီး သိုက်ထွန်း နဲ့ ဗိုလ်မှူး ဝင်းကျော်ဦးအပြင် မင်္ဂလာဒုံတပ်နယ်အတွင်းမှာရှိတဲ့ ထရပ ၃၂၃၊ ဆလရ ၉၆၀၊ ဆလရ ၉၆၈ က တပ်ရင်းမှူးအချို့လည်း ခေါ်ယူမေးမြန်းခံရတယ်လို့ ဆိုပါတယ်။
ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုတွေမှာ စစ်ကောင်စီက ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းနေပေမဲ့ မင်္ဂလာဒုံတပ်နယ်အပိုင်ဖြစ်တဲ့ မင်္ဂလာဒုံ၊ ထောက်ကြန့်နဲ့ ရွှေပြည်သာမြို့နယ်တွေက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ကာကွယ်ပေးထားတယ်လို့ မြိုခံတွေက ပြောဆိုကြပါတယ်။


