
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ စုန်းချောင်းအုပ်စု၊ ကျောက်မှော်အုပ်စုနဲ့ ဘန့်ဘွေးအုပ်စု ကျေးရွာတွေကို ဒီဇင်ဘာ ၁၆ ရက် မနက် ၁၀ နာရီလောက်စတင်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတယောက်က “စစ်ကြောင်းက ရွှေတောင်ဦးကုန်းမှာရှိတဲ့ ငွေကမ္ဘာမင်း စက်သုံးဆီဆိုင်ကနေ စထွက်လာတာဗျ။ အင်အား ၂၀၀ နီးပါးရှိတယ်။ သူတို့ စစ်ကြောင်းထိုးလာပြီ ဆိုတာကို သိလို့ ကျနော်တို့ ဒေသခံတွေ ရွာအတွင်းကနေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်။ စစ်ကြောင်းက စုန်းချောင်းရွာ စတင်ဝင်တယ်ဗျ။ အဲဒီကနေ အင်းဖျားရွာ၊ သံပရာရိုး၊ ပတိမ်ပြင်ရွာတွေကို စစ်ကြောင်းထိုးပြီး အခုနေ့ခင်း ၁၂ နာရီကျော်မှာ ကျောက်မှော်ရွာထဲ ဝင်နေတယ်။ ပစ်ခတ်မှုကတော့ မဖြစ်သေးဘူးဗျ” လို့ ပြောပါတယ်။
အခုလို စစ်ကြောင်းထိုးလာတာကြောင့် ကျောက်မှော်အုပ်စုက ကျေးရွာ ၅ ရွာ၊ စုန်း ချောင်းအုပ်စုက ကျေးရွာ ၄ ရွာနဲ့ ဘန့်ဘွေးအုပ်စု နဘူးတောရွာက ပြည်သူအများအပြား စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “စစ်ကြောင်းက နောက်ပြန်ဆုတ်မလား၊ ရှေ့ဆက်တိုးမလား ဆိုတာကို စောင့်ကြည့်နေတယ်။ တိုက်ပွဲကတော့ အခုလတ်တလော မဖြစ်သေးဘူးလို့ပဲ ပြောရမယ်။ သူတို့ဘက်က ဘယ်လိုဗျူဟာနဲ့ သွားမလဲ ဆိုတာကိုပဲ ကျနော်တို့ စောင့်ကြည့်နေတာပါဗျ။ အင်အားက ၂၀၀ နီးပါးခန့် ပါတယ်လို့ သတင်းရထားတယ်။ အခု လောလောဆယ် ကျောက်မှော်ရွာအတွင်းက သီတဂူဘုန်းကြီး ကျောင်းအတွင်းမှာ စခန်းချနေတာက တဖွဲ့ရှိမယ်။ ကျောက်မှော်ရွာအနောက်ဘက် အင်းဖျားရွာဘက်ကို စစ်ကြောင်းထိုးနေတာက တဖွဲ့ရှိမယ်။ သူတို့စစ်ကြောင်း ၂ ကြောင်း ခွဲထိုးတဲ့ သဘောပါပဲ။ ကျန်တဲ့စစ်ရေးလှုပ်ရှားမှုကတော့ အပြန်အလှန် စောင့်ကြည့်အနေအထားပါပဲ” လို့ ပြောပါတယ်။
အခုလို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူတွေဟာ ပဲစင်းငုံ၊ နှမ်း စတဲ့ ရာသီပေါ်သီးနှံတွေ မရိတ်သိမ်းကြရဘဲ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။


