Home
မြန်မာသတင်း
ယင်းမာပင်နှင့် ကနီမြို့နယ်တို့ကို စစ်တပ်က ဗုံးကြဲ၊ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများ
DVB
·
December 16, 2025

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ကနီမြို့နယ်တို့ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၅ ရက် နေ့လယ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူအချို့အပါအဝင် ၆ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ကနဦး ၂ စီး တွဲတက်လာတာဗျ။ ကျ‌နော်တို့ ယင်းမာပင်မြို့နယ် ဇီးတောရွာအနီးအနောက် အမေကြီး နတ်နန်းအရှေ့ဘက် ဒေသအခေါ် နတ်ကြီးတောယာခင်းအနီးက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုကို ဗုံးသီးကြဲချသွားတယ်။ ကြဲချတဲ့အချိန်က ၁၂ နာရီ ၁၉ မိနစ်မှာ ကြဲချသွားတာ။ သေဆုံးသူ ၆ ဦးအထိ ရှိတယ်။‌ သေဆုံးသူတွေက ဝင်းကုန်းရွာ၊ တာဝရွာ၊ အုန်း‌တောရွာ၊ ရင်‌ပေါင်တိုင်ရွာ၊‌ ချောင်းကောက်ရွာ စတဲ့ ကျေးရွာများက ပြည်သူအချို့၊ ရပ် ကျေးပအဖ တွေနဲ့ ဒေသတွင်း ပကဖ တွေ သေဆုံးထိခိုက်ရှိနေတယ်” လို့ ပြောပါတယ်။

အဆိုပါဗုံးကြဲချတဲ့နေရာမှာ ဒီဇင်ဘာ ၁၅ ရက် မနက်ခင်းပိုင်းက စတင်ပြီး ပြည်သူကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေတာကို သတင်းပေါက်ပြီး အခုလို လာကြဲသွားတာလို့ သိရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “မနက်ခင်းပိုင်း အစည်းအဝေးလုပ်ပြီး ထမင်းစားနားတဲ့အချိန်ကို လာကြဲချသွားတာ။ ဒလန်ရဲ့ သတင်းပေးတာကြောင့် ဖြစ်မယ်။ ထမင်းစား‌နေတဲ့ စားဖိုအဆောင်ပေါ်ကို တည့်တည့်ကြဲချသွားတာ။‌‌ သေဆုံးသူ ၆ ဦးရှိတယ်။ ဒဏ်ရာရသူ ၂၀ ကျော်အထိ ရှိတယ်ဗျ။ ဒီ‌လောက်ပဲ ပြောလို့ရမယ်” လို့  ပြောပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်နဲ့ ထိစပ်နေတဲ့ ကနီမြို့နယ် အနောက်တောင်ခြမ်း သမိုင်းဝင် အလောင်းတော်ကဿပဘုရားဆီ သွားရာလမ်းမှာရှိတဲ့ ဒေသအခါ် နတ်ထိပ်ဘုရာဖူးပြည်သူ ခရီးသွားများ နားနေစခန်းကို ဒီဇင်ဘာ ၁၅ ရက် နေ့ခင်း ၁၂ နာရီ ၂၆ မိနစ်မှာ ဗုံးသီးကြဲချသွားတယ်လို့  ဒေသခံက ပြောပါတယ်။

အဆိုပါနေရာကို စစ်တပ်က ဗုံးကြဲချတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာမရှိပေမဲ့ နွားတကောင်တော့ သေဆုံးသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013