
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် င/လုံးစုရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာကြောင့် ဒဏ်ရာရသူတွေထဲ ဒီဇင်ဘာ ၁၅ ရက်က တယောက် ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ ကျောက်ဖြူမြိုနယ် င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို ဒီဇင်ဘာ ၁၁ ရက် ညပိုင်းမှာ လေကြောင်းတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးသူ ၈ ယောက်နဲ့ ဒဏ်ရာရသူ ၁၆ ယောက် ရှိခဲ့ရာက တယောက် ထပ်မံသေဆုံးသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဒဏ်ရာရသွားသူတွေထဲက င/လုံးစုအောက်ရွာက ဦးမောင်သန်းကြည် (၄၁ နှစ်) မနေ့က နေ့လယ်ပိုင်းမှာပဲ ဆေးကုနေချိန် ဆုံးသွားတယ်”လို့ DVB ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်က စစ်ကောင်စီဟာ င/လုံးစု အထက်ရွာနဲ့ အောက်ရွာတွေကို ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူလည်း ၉ ယောက်အထိ ရှိလာပါတယ်။
ကျောက်ဖြူကို လေကြောင်းတိုက်ခိုက်မှုမလုပ်မီ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဆေးကုသမှုခံယူနေရတဲ့ အရပ်သား ၃၅ ယောက် သေဆုံးပြီး ၇၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာလည်း စစ်ကောင်စီဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေကို ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။


