
ပဲခူးတိုင်း၊ နတ်တလင်းမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တိုက်ခိုက်နေတာကြောင့် ဘေးလွတ်ရာတွေ ရှောင်တိမ်းနေရတဲ့ ဒေသခံ ၃၀,၀၀၀ ကျော်အထိရှိလာနေပြီလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
မြေပြင်မှာလည်း စစ်တပ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒေသခံ နိုင်ငံရေးလှုပ်ရှားသူ ကိုသန့်ဇင်လတ် က “ဒီရက်ပိုင်းမှာ ဆက်တိုက် လေယာဥ်နဲ့ ဗုံးကြဲနေတာတွေကြောင့် စာသင်ကြောင်းတွေ အဆောက်အအုံတွေ မီးလောင်ပျက်စီးနေပြီး စစ်ရှောင်အင်အား ၃၀,၀၀၀ လောက်က မြို့ပေါ်တွေ၊ လယ်ကွင်းတွေထဲမှာ ရှောင်နေကြရပြီ။ ဒါကြောင့် စစ်ရှောင်တွေနဲ့ပတ်သက်ပြီး အနီ၊ အစိမ်း၊ အပြာ၊ အဝါ မခွဲခြားဘဲ ပါတီပေါင်းစုံနဲ့ NGO၊ CSO တွေက အရောင်အသွေးမခွဲခြားဘဲ ကူညီပေးကြပါ” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက် ညကလည်း လက်နက်ကြီးပစ်ခတ်၊ လေယာဥ်နဲ့ ဗုံးကြဲတာတွေ ရှိနေဆဲဖြစ်ပြီး ကျေးရွာတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဓမ္မငယ်၊ ပေါက်ပန်း၊ ကြိုးကြာကန်၊ ကြို့ပင်၊ ဖလန်ပင် ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်နေတာ ဒီနေ့ဆို ၆ ရက်မြောက်ရှိနေပြီ ဖြစ်ပါတယ်။ မြေပြင်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ စစ်ဘေးရှောင်အရေအတွက် များပြားလာနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။


