
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို ဒီဇင်ဘာ ၁၇ ရက် မနေ့ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ပြည်သူ ၄ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြပြီး လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝက်လက်ဒေသခံတယောက်က “ဝက်လက်မြို့ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆည်တောရွာ ဗုံးကြဲခံရလို့ ထိခိုက်သေဆုံးသူ များတယ်လို့ သိရပါတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အဆိုပါ ဆည်တောကျေးရွာကို မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးသီးကြဲချသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ရှိသူ ကိုနဂါးလေးက “အဲဒီရွာကို စစ်တပ်ဂျက်ဖိုက်တာက ပေါင် ၃၀၀ ဗုံးသီးကြဲချသွားလို့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ သေဆုံးပြီးတော့ ၅ ယောက်ထက်မနည်း ဒဏ်ရာရတယ်။ လူနေအိမ်တွေလည်း မီးလောင်နေတယ်”လို့ ပြောပါတယ်။
ဗုံးကြဲခံရမှုမှာ သေဆုံးသွားကြသူတွေရဲ့ အချက်အလက်တွေနဲ့ နောက်ဆက်တွဲ မြေပြင်အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အဆိုပါ ဆည်တောကျေးရွာနဲ့ ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာမရှိသလို တော်လှန်ရေးတပ်စခန်းတွေလည်းမရှိဘူးလို့ဆိုပါတယ်။
စစ်တပ်ဟာ ဒီဇင်ဘာလ ၁၃ ရက်ကလည်း ဝက်လက်မြို့နယ်ထဲက ထုံးဘိုကျေးရွာအနီးမှာရှိတဲ့ သန်းကုန်းတောတိုက်ပေါ်ကို ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၄ နှစ်အရွယ် သမီးငယ် အပါအဝင် ၅ ယောက် သေဆုံးပြီး အဆောက်အအုံတွေ ပျက်စီးခဲ့ရပါသေးတယ်။
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ ဝက်လက်မြို့နယ်ထဲကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို အင်အားအလုံးအရင်းနဲ့လည်း မြေပြင်စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတာပါ။
ပြည်သူကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်လုပ်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ကာ သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


