
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်နေတာကြောင့် အရပ်သား ၄ ယောက် ထိမှန်ဒဏ်ရာပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
တိုက်ပွဲတွေမရှိဘဲ စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၅ ရက်ကစလို့ ဒီနေ့အထိ ဝေါမြို့နယ် လက်ပန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ သိမ်ဇရပ်မြို့က အမြောက်တပ်ဘက်နေ စစ်တောင်းမြစ်ကမ်းဘေးက ရွာတွေဖြစ်တဲ့ ခရွဲနဲ့ အခိုင်ရွာတွေကို လက်နက်ကြီး ၁၁ လုံး ပစ်ခတ်တယ်လို့ ဆိုပါတယ်။
ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “ဘာတိုက်ပွဲမှမရှိဘဲ လက်နက်ကြီးနဲ့ ပစ်တာ။ မနေ့ညက ပစ်တာ လက်နက်ကြီး ၅ လုံး၊ အခိုင်ရွာက ရွာသားတယောက် ထိတယ်။ ဒဏ်ရာတော့ သိပ်တော့ မပြင်းထန်ဘူး။ မနေ့က နေ့လယ်ပိုင်းမှာ ၄ လုံးပစ်တယ်။ အခိုင်ရွာနဲ့ ခရွဲရွာကို နေအိမ် ၃ လုံး ပျက်စီးပြီး ဒေသခံ ၃ ဦး ဒဏ်ရာရတယ်။ ဒီနေ့မနက်မှာလည်း ၂ လုံးထပ်ပစ်တယ်။ ၁၅ ရက်နေ့ကလည်း အဲဒီရွာတွေကို လကနက်ကြီး ၅ လုံးပစ်တယ်” လို့ DVB ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ခရွဲရွာ ဒေသခံတွေဖြစ်တဲ့ ဒေါ်ကျင်ရွှေ (၅၅ နှစ်) ဘယ်လက်၊ ဘယ်ဒူးခေါင်းထိမှန်၊ ဒေါ်စန်းထွေး (၄၅ နှစ်) ညာခြေပြတ် စိုးရိမ်ရနဲ့ ဦးတင်အောင်မိုး (၅၅ နှစ်) ဘယ်ပေါင် ထိမှန်ဒဏ်ရာရရှိကြပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ လက်နက်ကြီး ထိမှန်သူဟာ အခိုင်ရွာက ဦးဝင်းဆန်း (၄၁ နှစ်) လို့ သိရပါတယ်။
ဒေသခံတယောက်က “သိမ်ဇရပ်နဲ့ ဝေါဘက်ကနေ နှစ်ဖက် ညှပ်ပစ်နေတာ။ ဒဏ်ရာရတဲ့ လူနာတွေကို သိမ်ဇရပ်ဆေးရုံ ပို့တယ်။ အခြေအနေဆိုးတဲ့သူဆို ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။ ဒေသခံတွေလည်း တိမ်းရှောင်ကြရတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်က တော်လှန်ရေးတပ်တွေ စနိုက်ပါနဲ့ သွားပစ်ခတ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင်ရဲ့ လက်ပန်ရွာကို စစ်ကောင်စီတပ် ဗျူဟာမှူး ဦးဆောင်ပြီး အင်အား ၁၀၀ နဲ့ ရောက်လာသလို စစ်တောင်းမြစ် လုံခြုံရေးအတွက်ဆိုပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။


