
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်မြောက်ခြမ်း၊ တမာတောကျေးရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၇ ရက် ည ၁၀ နာရီခွဲလောက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် ဒဏ်ရာရခဲ့ပါတယ်။
တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ တမာ တောရွာသားတယောက်က ပြောပါတယ်။
“စစ်တပ် လေကြောင်းကနေ ဗုံးသီး ၂ လုံးကြဲချတာ။ အဲလိုကြဲချလို့ ဆေးရုံအနီးကပ်လျက်ရှိတဲ့ အိမ်က အမျိုးသမီးတယောက် ကျည်စထိမှန်တာရှိတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
တမာတောတိုက်နယ် ဆေးရုံကို စစ်တပ်က ဗုံးကြဲတာကြောင့် ဆေးရုံအဆောက်အအုံ ၄ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရေဦးမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ကိုပြည့်က “ပေါင် ၂၅၀ လို့ ယူဆရတဲ့ ဗုံးသီး ၂ လုံး ကြဲချသွားတာဗျ။ ဘေးပတ်ဝန်းကျင်က အမျိုးသမီးတယောက်တော့ ကျည်စထိမှန်တာရှိတယ်၊ သိပ်ပြီးမစိုးရိမ်ရပါဘူး။ မြို့နယ်ပအဖစီမံချက်နဲ့ ဘေးကင်းရာကို လူနာတွေကို ကြိုတင်ရွှေ့ထားနိုင်လို့ အကုန်လွတ်ကင်းပါတယ်ဗျ။ ဆေးရုံထဲက ပစ္စည်းတွေနဲ့ ဆေးရုံ အဆောက်အအုံ ၄ လုံးတော့ ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၇ ရက်မှာ နေ့ရောညပါ ရေဦး၊ ခင်ဦး၊ တန့်ဆည်မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


