
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်ဟာ သေနတ် ၂ လက်နဲ့အတူ ဒီဇင်ဘာ ၁၇ ရက်၊ မနက်ပိုင်းမှာ အလင်းဝင်ရောက်လာတယ်လို့ ရေဦးမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။
ရေဦးမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခု အလင်းဝင်လာတဲ့သူက ရေဦးမြို့ပေါ်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရွှေဘိုအခြေစိုက်ထောက်ပို့တပ်က သန္ဓေတပ်သား တယောက်ဟာ MA1 သေနတ် တလက်နဲ့ G3 သေနတ် တလက်တို့နဲ့အတူ ကျနော်တို့အဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ပူးပေါင်းလာတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာသူဟာ ရွှေဘိုမြို့နယ်အခြေစိုက်တဲ့ တထပ ၂ က တပ်သားကျော်မျိုးသူ၊ ကိုယ်ပိုင်အမှတ် - တ/၅၇၀၇၂၇ ဖြစ်ပါတယ်။
ရေဦးမြို့နယ် ပကဖ တာဝန်ခံတယောက်က “ကျနော်တို့ ရေဦးမြို့ပေါ်က ရဲစခန်း၊ တိုင်းရင်းဆေးရုံ၊ မြို့မြောက်ဘက်အဝင်နဲ့ ကြာဖူးအဝိုင်းတွေမှာ စစ်တပ်ဘက်က အင်အားအများအပြားနဲ့ အထိုင်ချထားတာတွေ ရှိနေတဲ့အထဲက အခု အလင်းဝင်လာတဲ့ ကိုကျော်မျိုးသူ ကတော့ ကြာဖူးအဝိုင်းဂိတ်မှာ တာဝန်ကျနေတဲ့သူ ဖြစ်ပါတယ်။ လောလောဆယ်တော့ သူ့ကို လုံခြုံတဲ့နေရာမှာ ထားပေးထားတယ်” လို့ ပြောပါတယ်။
ရေဦးမြို့နယ် ပကဖ ဆီကို ပြီးခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးအဆင့်ရှိသူ တယောက် အပါအဝင် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက်အထိ အလင်းဝင်ရောက်ထားပြီး အခု အလင်းဝင်ရောက်လာတဲ့ တပ်သား ကျော်မျိုးသူဟာ ၉ ယောက်မြောက် အလင်းဝင်ရောက်လာသူ ဖြစ်ပါတယ်။
ရေဦးမြို့နယ်ထဲက နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထားနိုင်နေပြီဖြစ်လို့ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ လက်အောက်ခံတွေအနေနဲ့လည်း အမြန်ဆုံးအလင်းဝင်ရောက်ကြဖို့ ရေဦးမြို့နယ် အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဖိတ်ခေါ်ထားပါတယ်


