
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှာ နိုဝင်ဘာ ၂၇ ရက်က စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲကြီး ၂ ကြိမ် ဖြစ်ပွားခဲ့ကြပြီး စစ်သား ၃၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိသလို တော်လှန်ရေးရဲဘော် ၂ ယောက်လည်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၇ ရက်က တရက်တည်းမှာ ရွှေဘိုခရိုင်ထဲက ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်တွေထဲမှာ တိုက်ပွဲကြီးတွေ ၂ ကြိမ် ဖြစ်ပွားခဲ့တာပါ။
ရွှေဘိုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲတွေအတွင်းမှာ စစ်သား ၃၀ ကျော် သေပြီးတော့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။ ရန်သူ့စစ်ကြောင်းတွေ ကတော့ စစ်ကြောင်းပျက်မတတ်ဖြစ်ပြီး ပြန်ဆုတ်ပြေးသွားကြတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆ - Together We Can၊ ဝက်လက်/ရွှေဘို/ဒီပဲယင်းမြို့နယ်တွေက ပကဖတွေအပြင် ဒေသခံတိုက်နယ် ပကဖတွေနဲ့ ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။
တိုက်ပွဲတွေအတွင်း ညီနောင်မဟာမိတ်တပ်ရင်း ၉၇၀၆ က တပ်ထောက်ဗိုလ်တယောက်ဟာ လက်နက်ကြီးကျည်စ ထိမှန် ကျဆုံးခဲ့သလို ရွှေဘိုမြို့နယ် ပကဖ ရဲဘော်တယောက်ဟာလည်း မိုင်းဖြတ်တောက်ရေး လုပ်ဆောင်စဉ် ကျဆုံးခဲ့ကာ တပ်ဖွဲ့ဝင် ၄ ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း တာဝန်ခံ ဗိုလ်ကောက်ရိုးက “ဝက်လက်မြို့နယ်ထဲက စိုင်နိုင်လေးရွာမှာ အင်အား ၁၀၀ လောက်နဲ့ တပ်စွဲနေတဲ့ စကစ စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ သူတို့ဘက်က ၄ ယောက် သေပြီးတော့ အများအပြား ဒဏ်ရာရကြလို့ သူတို့ဘက်ကနေ ရွှေဘိုတပ်မ ၄၂ ထဲက ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ၁၉ ကြိမ် ပစ်ကူပေးခဲ့ပါတယ်။ မုံရွာ နမခ ထဲကနေ တက်လာကြတဲ့ ဂျိုင်ရိုကော့ပတာ ၃ စီးနဲ့ လေကြောင်းပစ်ကူ ပေးသွားခဲ့ပါသေးတယ်။ နောက်တပွဲကတော့ ရွှေဘိုမြို့နယ်ထဲက ရွှေဘို-မန္တလေး လမ်းမကြီးအတိုင်း ထွက်လာကြတဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အား ၇၀ လောက်ပါလာတဲ့ ထောက်ပို့စစ်ကြောင်းကို အဲဒီနေ့ ညနေ ၃ နာရီလောက်က စတင်တိုက်ခိုက်လိုက်တာ တိုက်ပွဲက ၂ နာရီဝန်းကျင်လောက် ကြာမြင့်ခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ ရန်သူစစ်သား ၃၀ လောက် သေပြီး ဒဏ်ရာရသူတဲ့တွေ များပြားလို့ အဲဒီစစ်ကြောင်းပျက်ပြီး ရွှေဘိုတောင်ဘက်မုခ်ပေါက်ဘက်ကို ပြန်ဆုတ်ထွက်ပြေးသွားကြတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်းကနေ MA1 သေနတ် ၅ လက်၊ MA2 သေနတ် ၂ လက်၊ MA3 သေနတ် ၂ လက်၊ MA4 သေနတ် ၁ လက်၊ RPG ၁ လက်၊ RPG သီး ၁၃ လုံး၊ ၆၀ မမ ဗုံးသီး ၇ လုံး၊ RPG ပို့ကျည် ၈ တောင့်၊ ကျည်ဘောက် ၁၁ ဘောက်၊ အီနာဂါဗုံးသီး ၂ လုံးနဲ့ လက်ပစ်ဗုံး ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒေသခံပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းရန် အန္တရာယ်တွေကိုလည်း အထူးသတိထား သွားလာနေထိုင်ကြဖို့နဲ့ စစ်ရေးသတင်းတွေကို အမြဲမပြတ် နားစွင့်ထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


