Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် လက်နက်ခဲယမ်းသယ်သည့်စစ်ကား တံတားကိုတိုက်မိပေါက်ကွဲ၊ စစ်သား ၅ ဦးထက်မနည်းသေဆုံး
DVB
·
November 29, 2025
Photo : ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး)
Photo : ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး)

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ လက်နက်ခဲယမ်း​တွေတင်ဆောင်လာတဲ့ စစ်ကား ၁ စီးဟာ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက တံတားဘေးဘောင်ကိုတိုက်မိပြီး ခဲယမ်းတွေပေါက်ကွဲခဲ့လို့ ပြည်သူ ပြည်သူ ၃ ယောက်နဲ့ စစ်သား ၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “ညနေ ၃ နာရီလောက်မှာ တောင်ဘက်ကနေ မောင်းလာပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သားတချို့တင်လာတဲ့ စစ်ကား ၁ စီးက ရွာမြော​က်ဘက်နားမှာရှိတဲ့ ချောင်းကူးတံတားအဝင် ဘေးဘောင်ကိုတိုက်မိပြီးတော့ အဲဒီကားပေါ်တင်လာတဲ့ စစ်ပစ္စည်းတွေလည်း ပေါက်ကွဲတဲ့ဟာကွဲ၊ ဘေးလွင့်ကျတဲ့ဟာတွေ ကျကုန်တာဗျ” လို့ ပြောပါတယ်။

စစ်ကားတိမ်းမှောက်ပေါက်ကွဲတာကြောင့် စစ်သား ၅ ယောက်ထက်မနည်းသေဆုံးခဲ့သလို အရပ်သားခရီးသွားကား ၁ စီးကို ဗုံးစတွေထိမှန်ခဲ့တာကြောင့်လည်း ပြည်သူ ၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တောင်တွင်းကြီး ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုထိန် က “စစ်ကားကတော့ ၁ စီးတည်းပါ။ ဘယ်ကနေ ဘယ်ကိုပို့မယ့် လက်နက်ခဲယမ်းတွေလဲဆိုတာတော့ မသိရသေးဘူး။ ခဲယမ်းတွေပေါက်ကွဲပြီးတော့ အဲဒီစစ်ကားလည်း တစီးလုံးမီးလောင်တယ်။ စစ်သား ၅ ယောက်သေတယ်။ ဒဏ်ရာရသူတွေလည်း ၈ ယောက်ထက်မနည်းဘူး။ အဲဒီစစ်ကားနောက်နားမှာ ကပ်လိုက်လာတဲ့ အရပ်သား ၁ စီးပေါ်က ခရီးသည် ၃ ယောက်လည်း ဗုံးစမှန်ပြီး ဆုံးသွားတယ်။ ခရီးသွားကားပေါ်က ပြည်သူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေရှိသေးတယ်လို့ကြားမိတယ်။ သေတဲ့စစ်သား ၅ ယောက်လောက်ကတော့ သူ့စားရိတ်နဲ့သူ​ ရှောကုန်တာပေါ့။ အချောင်ခံရတာက ပြည်သူတွေ။ ကျနော်တို့ဘက်ကလည်း စစ်ကားတွေနဲ့ကပ်မလိုက်ဖို့ ပြည်သူတွေကို အတန်တန်သတိပေးနေခဲ့ကြားကနေ အခုလိုတွေဖြစ်​တော့ ပြည်သူ​တွေ အသားလွတ်အသက်ဆုံးရှုံးရတာ စိတ်မကောင်းဖြစ်မိတယ်” လို့ DVB ကို ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါးဟာ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းအထိ ကားမှောက်တဲ့ တောင်တွင်းကြီး-အောင်လံ လမ်းပိုင်းကိုပိတ်ဆို့ထားသလို ဘေးပတ်ဝန်းကျင်ကိုလွင့်ကျခဲ့တဲ့ ခဲယမ်းတချို့ဟာလည်း ထပ်မံပေါက်ကွဲတာတွေရှိနေသေးတယ် လို့လည်း သူက ဆက်ပြောပါတယ်။

တိမ်းမှောက်ပေါက်ကွဲသွားတဲ့ စစ်ကားကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် သယ်ဆောင်သွားကြပေမယ့် နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းအထိ အခင်းဖြစ်တဲ့နေရာဝန်းကျင်ကို စစ်တပ်က ဖြတ်သန်းသွားလာခွင့်တွေပိတ်ပင်ထားတာကြောင့် ခရီးသွားပြည်သူတွေ အခက်တွေ့နေရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013