
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ခဲယမ်းတွေ တင်လာတဲ့ ပျူစောထီးယာဥ်ကို တော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၂၃ ရက်က တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ ကားပေါ်ပါသူ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဘုရားထွက်ကျေးရွာဘက်ကနေ ပဲ့တိုင်ကျေးရွာ ပျူစောထီးစခန်းဆီ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား ၂ စီးကို နိုဝင်ဘာ ၂၃ ရက် မနက်က ယမုံကျေးရွာအနီး ကားလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ပျူစောထီးနဲ့ ရဲတွေ ကားပေါ်ကနေ ဆင်းပြေးချိန် ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်လို့ ပျူစောထီးနဲ့ ရဲ ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ပျူစောထီးယာဉ် ၂ စီးထဲက တစီးကို ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်း ထိန်းသိမ်းနိုင်ခဲ့ပြီး ကားအတွင်း ပါလာတဲ့ ၆၀ မမ မော်တာပြောင်းတခု၊ ၆၀ မမ ကျည်သီး ၅ လုံး၊ ၉ မမ ကျည် ၃၈ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ အူဇီကျည်ဘောက် ၂ ခု၊ ဓားမြှောင်တချောင်း၊ ဖုန်းတလုံး၊ ပျူစောထီးယူနီဖောင်းတစုံတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ယာဉ်မောင်းနဲ့ ပျူစောထီးအဖွဲ့ဝင်ဟောင်းဆိုသူ ၂ ယောက်ကိုတော့ ထိန်းသိမ်းစစ်ဆေးနေပြီး အရေးယူသွားမယ်လို့ သိရပါတယ်။
ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ဖမ်းဆီးခံတွေကို စစ်ဆေးဆဲပါ။ အပြစ်မရှိရင် ပြန်လွှတ်မှာပါ။ အပြစ်ရှိရင် MoD က ချမှတ်ထားတဲ့အတိုင်း အရေးယူ ဆောင်ရွက်မှာပါ” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့တွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။


