
ပဲခူးတိုင်း၊ ဇီးကုန်းမြို့ပေါ်က KTV ကာရာအိုကေဆိုင်မှာ နိုဝင်ဘာ ၂၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က သောက်စားပျော်ပါးနေကြတဲ့ စစ်သားနဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်သားနဲ့ရဲ ၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ နတ်တလင်း ၃၈၀၁ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) ဆီကနေ သိရပါတယ်။
နတ်တလင်း ၃၈၀၁ တပ်ခွဲ ၃ ပြန်ကြားရေးတာဝန်ခံက "ဇီးကုန်းမြို့ပေါ်က KTV တခုထဲမှာ ဝင်ပြီး သောက်စားပျော်ပါးနေကြတဲ့ ရဲနဲ့စစ်သား ၇ ယောက်ကို အခန်းထဲအထိ ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ သူတို့ဘက်က ဘာမှတုံ့ပြန်ချိန်မရလိုက်ဘဲ ၇ ယောက်လုံး ရှောသွားပါတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို နတ်တလင်း ၃၈၀၁ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) နဲ့အတူ ကြို့ပင်ကောက် (BTZM တပ်ဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
နတ်တလင်း ၃၈၀၁ တပ်ခွဲ ၃ တပ်ခွဲမှူး ကိုအောင် က “အဲဒီကောင်တွေက အဲဒီ KTV ကို ညတိုင်း လာတယ်လို့ သတင်းရထားတာကြောင့်မို့လို့ အခု မစ်ရှင်ကို ဆောင်ရွက်ခဲ့တာပါ။ ဝင်ပစ်ပြီးတဲ့ အချိန်မှာ သူတို့ဘက်ကနေ ခွေးကားတွေနဲ့ ရောက်လာကြတာနဲ့ပဲ သေတဲ့ကောင်တွေဆီကနေ G3 သေနတ် ၁ လက်၊ ကျည်ဘောက်က ၄ ခု၊ ကျည်အတောင့် ၈၀၊ အီကွေ့မန့် ၂ ခု၊ ဓား ၃ ချောင်းနဲ့ လက်ထိတ် ၁ ခုတို့ သိမ်းဆည်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ။ မစ်ရှင်အတွင်းမှာတော့ ရုပ်သံနဲ့ ဓာတ်ပုံတွေ မရိုက်ကူးနိုင်ခဲ့ဘူးဗျ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရအပြီး နိုဝင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းအထိ ဇီးကုန်းမြို့ပေါ်နဲ့ မြို့အဝင်အထွက်ဂိတ်တွေမှာ စစ်တပ်က အင်အားတိုးမြှင့်ချထားနေသလို လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း စစ်ဆေးတာတွေ ပြုလုပ်နေကြပေမယ့် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ သူတို့ရဲ့စခန်းအသီးသီးကို ဘေးကင်းကင်းနဲ့ ပြန်လည်ရောက်ရှိနေကြပြီလို့လည်း သူက ဆက်ပြောပါတယ်။
တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို စစ်တပ်ဘက်က ညတွင်းချင်း လာရောက်သယ်ဆောင်သွားကြတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။


