
စဉ့်ကူးတမြို့လုံးကို စစ်ကောင်စီက ပြန်ထိန်းချုပ်လိုက်ပြီး ဧရာဝတီမြစ်ရိုးတလျှောက် ဆိပ်ကမ်းတွေဆီ ထွက်ပြေးတဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ်ကူးမြို့နဲ့ လက်ပံလှရွာတို့ကို ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းမှာ စစ်ကောင်စီက တပြိုင်တည်း ပြန်ထိန်းချုပ်သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အတည်ပြုပါတယ်။
စဉ့်ကူးမြို့အရှေ့ဘက် ၄ မိုင်ခွဲအကွာမှာ တည်ရှိတဲ့ လက်ပံလှရွာဘက်ကနေ လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ စစ်ကြောင်းတွေ ဆက်တိုက်ဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေက အခြေအနေအရ နောက်ဆုတ်ပေးခဲ့ရတာပါ။
စဉ့်ကူးမြို့ခံ ပြည်သူတွေကတော့ မြို့အနောက်ဘက် ဧရာဝတီမြစ်ကမ်းတလျှောက် ဆိပ်ကမ်းတွေကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
မတ္တရာကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “လက်ပံလှက ပါသွားပါပြီဗျ၊ စဉ့်ကူးမြို့ကလည်း တမြို့လုံးပါသွားပါပြီ၊ လက်ပံလှ-စဉ့်ကူး တပြိုင်တည်း မနေ့ညနေက ပါသွားပါတယ်ဗျ။ လက်နက်ကြီးတွေ ဒရုန်းတွေ အများဆုံး သုံးပါတယ်ဗျ၊ တိုက်ခိုက်ရေးအခြေအနေကတော့။ ကျနော်တို့ စဉ့်ကူးနယ်က စစ်ဘေးရှောင်တွေပြေးတဲ့ ဆိပ်ကမ်းတွေကိုတော့ တိုက်ပွဲဖော်ဆောင်ခြင်း မရှိဘဲနဲ့ သူတို့က လေယာဉ်တွေနဲ့ တော်တော်များများကို လာပြီးတော့ တိုက်ခိုက်ချေမှုန်းနေပါတယ်။ ပြည်သူတွေ တော်တော်များများလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်၊ ပြည်သူတွေရဲ့ကားတွေလည်း မီးလောင်ပျက်စီးမှုတွေ ရှိပါတယ်ဗျ။ လမ်းပန်းဆက်သွယ်ရေးတွေမှာလည်း တော်တော်ကို အခက်အခဲတွေ ဖြစ်နေပါတယ်။ အခြေအနေအရ ကိုယ့်ဘက်က ဆုတ်ပေးလိုက်ရတာပါ။ ကျနော့်ခန့်မှန်းချက်ကတော့ ဒီကောင်တွေ မန္တလေး-မိုးကုတ်လမ်းကို သူတို့ အရ-အပေါက် ထိုးလိမ့်မယ်လို့ သုံးသပ်မိတယ်ဗျ” လို့ ပြောပါတယ်။
မိုးကုတ်မြို့ကို TNLA က လက်ပြန်လွှဲပေးမယ်လို့ ကြေညာခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာပဲ စဉ့်ကူးမြို့ အနောက်ဘက်နဲ့ စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ခဟာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့အတွက် စဉ့်ကူးမြို့ကို အရှေ့ဘက်ခြမ်းကနေ ဝင်ရောက်နိုင်ဖို့ လက်ပံလှရွာကို စစ်ကောင်စီက ပစ်မှတ်ထားခဲ့တာပါ။
လက်ပံလှနဲ့ စဉ့်ကူးမြို့ကို တပြိုင်တည်း ထိန်းလိုက်နိုင်တဲ့အတွက် စစ်ကောင်စီက စဉ့်ကူး-မိုးကုတ်လမ်းကို ထိန်းချုပ်နိုင်ရေး အစီအစဉ်ကို ရှေ့ဆက်မယ့်အခြေအနေ ဖြစ်ပါတယ်။
ဒါပေမဲ့ မြေပြင်တိုက်ပွဲတွေဟာ လက်တွေ့မှာ မပြီးပြတ်သေးဘူးလို့ စဉ့်ကူး အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“မတ္တရာကို တမြို့နယ်လုံး ပြန်ပြီးတော့ ရရှိသွားပြီးတဲ့နောက်မှာတော့ စဉ့်ကူးက တပ်စခန်းတချို့နဲ့ ကျေးရွာတချို့ကိုလည်း ကျနော်တို့ လက်လွှတ်ထားရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ လက်ရှိ ဒီမြေပြင်အခြေအနေ အသေးစိတ်တွေကတော့ စစ်ရေးအခြေအနေတွေ ရှုပ်ထွေးနေဆဲဖြစ်တယ်၊ ပြီးရင် လက်ရှိလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ ဖြစ်တဲ့အတွက်ကြောင့် အသေးစိတ် အခြေအနေတွေတော့ ကျနော် ဖြေလို့မရသေးပါဘူးဗျ။”
အခုနှစ်ကုန်ပိုင်းမှာ မတ္တရာတမြို့နယ်လုံးက PDF ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက ပြန်သိမ်းယူထားပြီး မန္တလေး-ရှမ်းပြည်ကနေ တရုတ်နယ်စပ်အထိ ကုန်သွယ်ရေးလမ်းကို ပြန်ထိန်းနိုင်ဖို့ ကြိုးစားနေတာပါ။ လတ်တလောမှာ စဉ့်ကူး-သပိတ်ကျင်း-မိုးကုတ်-မိုးမိတ် ဆက်စပ်လမ်းပိုင်းကို ဖိအားပေး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
နိုဝင်ဘာလကုန်ပိုင်းမှာ TNLA က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို လက်လွှတ်ခဲ့ပြီးနောက် မန္တလေးဒေသတွင်း တော်လှန်ရေးအစုအဖွဲ့တွေဟာ ကြီးမားတဲ့ ဖိအားနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
စဉ့်ကူးမြို့နယ်ကို ၂၀၂၄ ဇူလိုင်လမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ခဲ့တာဖြစ်ပြီး အချိန် တနှစ်ခွဲနီးပါးအကြာမှာ စစ်ကောင်စီက ပြန်ထိန်းတဲ့အခြေအနေ ဖြစ်လာတာပါ။
ဒေသတွင်း တော်လှန်ရေးအင်အားစုတွေအတွက် မိုးကုတ်-မိုးမိတ်မြို့နယ်တွေ အရေးပါသလို တန်ဖိုးကြီးတဲ့ ရွှေလုပ်ကွက်တွေကြောင့် စဉ့်ကူးမြို့နယ်ဟာလည်း အရေးပါတဲ့ အနေအထား ဖြစ်ပါတယ်။
သုတချမ်းသာ


